Pages

Thursday, June 27, 2013

KIO အဖြစ် သံသဖြင့် ဖမ်းဆီးခံရသူ ဦးဘရန်ရှောင်အမှု အပြီးသတ်လျှောက်လဲချက်ပေးမည့်ရက် ထပ်မံရွှေ့ဆိုင်း

ဇွန်လ ၂၇ ရက် ၂၀၁၃

မတရားအသင်းဖြင့် ဖမ်းဆီးခံထားရသော ကချင်စစ်ပြေးဒုက္ခသည် ဦးလထော် ဘရန်ရှောင်၏ အမှုကို ဇွန်လ ၁၇ ရက်တွင် အပြီးသတ် လျှောက်လဲချက်ပေးရန် ရုံးးချိန်းပေးလိုက်သော်လည်း အထက်အမိန့် အရဟုဆိုကာ လာမည့် ဇူလိုင်လ ၁၁ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်သည်ဟု ရှေ့နေ ဦးဂျီမာခါး က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ကလည်း အပြီးသတ်လျှောက်လဲချက်ပေးရန် ရွှေ့ဆိုင်းခဲ့ပြီး ယခုတစ်ဖန် မြို့နယ် တရား သူကြီးက အထက်မှ အမိန့်စောင့်နေသည်ဟုဆိုကာ ထပ်မံရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

“တရားသူကြီး လက်မခံဘူး။ သူကတော့ တရားရုံးထဲ ဝင်တာနဲ့ နှစ်ပတ် ရုံးချိန်းထပ်ပေးမယ်၊ ကျွန်တော်က အချိန်အရမ်း ကြာလာပြီလို့ပြောတော့ အထက်က အမိန့်စောင့်တယ်။ အထက်ဆိုတာ ဘာကို ပြောတာလဲ မသိဘူး။ ကျွန်တော်အထက် က အမိန့်ကို မမျှော်ဘူး။ တရားရုံးရဲ့ အမိန့်ပဲလိုချင်တယ်လို့ပြောတော့ သူက တရားရုံးက ဆုံးဖြတ်ချက်ဘဲဆိုပြီး ပြန်ပြောတယ်”ဟု မဇ္ဈိမကို ပြောသည်။

အထက်အမိန့်ဟု ဆိုသော်လည်းမည်သူ၏အမိန့်ကို စောင့်ဆိုင်းနေသည်ကို ပြောဆိုခြင်းမရှိကြောင်း ရှေ့နေ  ဦးဂျီမာခါး က ပြောသည်။

အကယ်၍ ယနေ့ လျှောက်လဲချက် ပေးလိုက်ပါက နောက်တပတ်အကြာတွင် အမိန့်ချမှတ်နိုင်မည်ဖြစ် ၍ရှေ့နေ အနေဖြင့် ၁ နှစ်ကျော်ကြာ တရားရင်ဆိုင်နေရကာ အမြန်ဆုံး အမိန့်ချလိုက်ပါက အယူခံတင် သွင်းရန် ရှိသည်ဟုလည်း ဦးဂျီမာခါးက ပြောသည်။

၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက်ရှိ စစ်ပြေးဒုက္ခသည်စခန်း မှဖောက်ခွဲမှု ဖြင့် အမှတ် (၁) ရဲစခန်းမှ ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့ ဒုရဲအုပ် ကျော်မျိုးနိုင်နှင့် အဖွဲ့က ဖမ်းဆီးခဲ့ပြီး စရဖ ထံ လွဲပြောင်းပေးခဲ့သည်။ အစိုးရ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ စရဖ က မတ ရားနှိပ် စက်မှုများ ရှိခဲ့သည်ဟု သူ၏ မိသားစုဝင်များက ယခင် က မဇ္စျိမကို ပြောဆိုခဲ့သည်။

တရားစွဲခံရသူ၏ ရှေ့နေဘက်မှ ဦးဘရန်ရှောင်အား ပထမ ဖြောင့်ချက်ရယူခဲ့သူ ဒု တရားသူကြီး ဦးဇော်မင်း ကို သက်သေ သို့မဟုတ် ရုံးခေါ်သက်သေ အဖြစ် စစ်ဆေးခွင့်ပြုရန် ခရိုင်၊ မြို့နယ်နှင့် ပြည်နယ် တရားရုံး အဆင့်ဆင့်သို့ ၃ ကြိမ်တိုင်တိုင် လျှောက်လဲချက်ကိုလည်း ပယ်ချခဲ့သည်။

ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဂျန်မိုင်ကောင်ဒုက္ခသည်စခန်းသို့ သွားရောက်စဉ် ဦးဘရန်ရှောင်၏ အမှုအား တရားလွှတ်တော်၏ စီရင်ချက်ချပြီးနောက် တပတ်အတွင်း လွှတ်ပေးမည်ဟု ပြောဆိုခဲ့သည်။

ထိုပြင် ဝန်ကြီး ဦးအောင်မင်းက ယခင်က KIO ကို မတရားအသင်းအဖြစ် သတ်မှတ်ထားကြောင်း ငြိမ်း ချမ်းရေး ရရှိ သွားလျှင် မတရားအသင်း ၁၇(၁) ဖြင့် ဖမ်းဆီးခံထားရသူများ အားလုံးကို ပြန်လည် လွတ်မြောက် သွားနိုင်မည်ဟု ပြောဆိုခဲ့သည်ဟု ဂျန်မိုင်ကောင်း နှစ်ခြင်းအသင်းတော်မှ ဆရာအောင်မြတ် က မဇ္စျိမကိုပြောဆိုထားသည်။

Mizzima

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...