Pages

Monday, July 15, 2013

ကရင်ပြည်နယ် အတွင်းရှိ မြေမြှုပ်မိုင်းများအား ကိုယ်တိုင်ပြန်လည် ရှင်းလင်းရန် ပထမဆုံး အကြိမ်အဖြစ် ကရင်လက်နက်ကိုင် အဖွဲ့ငါးဖွဲ့ သဘောတူညီချက်ရရှိ

ကရင်ပြည်နယ်အတွင်း ယခင်ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကို ကိုယ်တိုင်ပြန်လည် ရှင်းလင်း ပေးသွား ရန်အတွက် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ တွေ့ဆုံ ဆွေးနွေးကာ မိုင်းများပြန်ရှင်းလင်းသွားမည့် သဘောတူညီချက် တစ်ရပ်ကို ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၁၃ ရက်က ကရင်ပြည်နယ်အတွင်းရှိ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ ပူးပေါင်းထားသည့် ကရင်လက်နက်ကိုင်အဖွဲ့များညီညွတ်ရေးကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေး ကို နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးရုံးချုပ် အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြသည်။


အဆိုပါ ဆွေးနွေးပွဲသို့ KNU မှ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီးဂျော်နီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ကရင် ပြည်နယ် နယ်ခြားစောင့်တပ်(BGF)မှ ကရင်ပြည်နယ်ဥက္ကဋ္ဌ ဗိုလ်ချုပ်စောထွန်းလှိုင်၊ DKBA မှ စစ်ဗျူဟာမှူး စောကျော်သက်၊ KNU/KNLA (PC) မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ရင်နု ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် ဘုရားကုန်း ငြိမ်းချမ်းရေးအဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ယင်းအစည်းအဝေးတွင် အောက်ခြေမပြေလည်မှုများကို ညှိနှိုင်းအဖြေရှာရာတွင် သဘောတူညီချက်သုံးရပ် ရရှိခဲ့ကြောင်းသိရသည်။

သဘောတူညီချက် သုံးရပ်မှာ ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်း အများဆုံးနှင့် အဓိကရှိနေသည့်မိဆိုင်းဒေ သနှင့် ကျုံထော်ဒေသအနီးတစ်ဝိုက်ရှိ မြေမြှုပ်မိုင်းများကိုရှင်းလင်းရန်၊ ဖော်ထုတ်၍မရနိုင်သောမိုင်းများအား
ကျေးရွာသူ၊ ရွာသားများ မြင်သာသည့် ထင်ရှားသော အမှတ်အသားများ ပြုလုပ်ကာ ရှင်းလင်းဖောက်ခွဲရန်၊ ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးများကို ပူးပေါင်းနှိမ်နင်းရန်တို့ ဖြစ်သည်။ မိဆိုင်းနှင့်ကျုံထော်ဒေသ များမှာ ကရင်ပြည်နယ်အတွင်း အဓိက မြေမြှုပ်မိုင်းရှိရာ ဒေသများဖြစ်ပြီး အဆိုပါ ဒေသရှိ ဒေသခံများမှာ မြေမြှုပ်မိုင်းဒဏ်ကို အများဆုံး ခံစားခဲ့ရခြင်းဖြစ်သည်။

ယခုကဲ့သို့ မြေမြှုပ်မိုင်းများကို ပြန်လည်ဖယ်ရှားရာတွင် ကရင်လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ပူးပေါင်းထားသည့် ကရင်လက်နက်ကိုင် ညီညွတ်ရေးကော်မတီမှ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အလိုက် တာဝန်ယူကာ ယခုကတည်းကပင် မြေမြှုပ်မိုင်းများ ပြန်လည်ဖယ်ရှားရန် စတင်ဆောင်ရွက်နေပြီ ဖြစ်သည်ဟု နယ်ခြား စောင့်တပ်(ကရင်ပြည်နယ်)မှ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောကြားခဲ့သည်။

ကရင်ပြည်နယ်အတွင်း ကရင်လက်နက်ကိုင်အဖွဲ့များမှ တည်ထောင်ထားခဲ့သည့် မိုင်းများကို ပြန်လည်ရှင်း လင်းရန် လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား သဘောတူညီချက် ရရှိသည်မှာ သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ် ဖြစ်သည်ဟု သိရသည်။

ဆွေးနွေးပွဲတွင် KNU မှ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီက ''ကရင်ပြည်နယ်အတွင်း မိုင်းဧရိယာမှာရှိနေတဲ့ ပြည်သူတွေအတွက် ဆွေးနွေးဆုံးဖြတ်ချက်က ၀မ်းသာစရာ သတင်းဖြစ်လာ လိမ့်မယ်လို့ မျှော်လင့်ပါတယ်'' ဟု ပြောကြားသွားခဲ့သည်။

လက်ရှိ မိဆိုင်းဒေသ အခြေပြု အဖွဲ့တာဝန်ခံ DKBA မှ ဗိုလ်ရဲချစ်နှင့် ကျုံထော်ဒေသ အခြေပြု တာဝန်ခံ ဗိုလ်ပိတို့လည်း အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

BGF မှ ဗိုလ်မှူးနိုင်မောင်ဇော်ကလည်း ''ကရင်လက်နက်ကိုင် ညီညွတ်ရေးကော်မတီအနေနဲ့စဖွဲ့ပြီးတဲ့အချိန် မှာပဲ လက်နက်ကိုင် အဖွဲ့အချင်းချင်း ပြဿနာကို ဖြေရှင်းတဲ့အခါ သေနတ်အစား စကားဝိုင်းနဲ့ ဖြေရှင်းဖို့ ဆိုတဲ့ အရေးကြီးတဲ့ သဘောတူညီချက်ကိုရခဲ့တယ်။ အခု ဒုတိယအကြိမ် တွေ့ဆုံတာနဲ့တင် ပြည်နယ်အတွင်း မှာ အရေးကြီးနေတဲ့ ပြည်သူတွေ အန္တရာယ်ကင်းရှင်းဖို့အတွက် မြေမြှုပ်မိုင်း ဖယ်ရှားဖို့ကို သဘောတူညီခဲ့ တယ်။ အရင်တုန်းကလက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးရင် အငြင်းပွားမှုတွေရှိခဲ့ပေမယ့်အခုလုံးဝမရှိ ဘဲ သူ့ဘက်ကိုယ့်ဘက် လိုတာကို ဆွေးနွေးပြီး သံသယကင်းကင်း ချစ်ချစ်ခင်ခင် သဘောတူညီချက်တွေ ရလာတာတွေ့ရတယ်။ အဲဒီအတွက် ရှေ့ဆက်တွေ့ဆုံ ဆွေးနွေးတဲ့ ပွဲတွေမှာ ဒီထက်ပိုပြီး ညီညွတ်လာမယ်လို့ သုံးသပ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...