Pages

Monday, July 15, 2013

အမျိုးသား အကျိုးစီးပွားအတွက် ညီညွတ်ရေး လမ်းကြောင်းကို ဦးတည်ပြီး ရခိုင်ပါတီနှစ်ခု ပူးပေါင်းခဲ့ခြင်း ဖြစ်သည်ဟု ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များ ပြောကြား

အမျိုးသားအကျိုးစီးပွားအတွက် ညီညွတ်ရေးလမ်းကြောင်းကို ဦးတည်ပြီး ရခိုင်ပါတီနှစ်ခု ပူးပေါင်းခဲ့ခြင်း ဖြစ်သည်ဟု ဇူလိုင် ၁၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အာဇာနည်လမ်းရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ကျင်းပခဲ့သည့် ရက္ခိတ ဖောင်ဒေးရှင်း၏ ပထမအကြိမ် နှစ်ပတ်လည် အခမ်းအနားနှင့် ဂုဏ်ပြု ချီးမြှင့်ပွဲ အခမ်းအနားတွင် ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားခဲ့သည်။


အဆိုပါ အခမ်းအနားတွင် ရခိုင်ပါတီ နှစ်ခုအား ရခိုင်အမျိုးသား ပါတီအဖြစ်ပေါင်းစည်းရန် ကြိုးစားခဲ့သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့မှ ဥက္ကဋ္ဌများဖြစ်သည့် ဦးအေးသာအောင်နှင့် ဒေါက်တာအေးမောင်တို့အား ရက္ခိတ ဖောင်ဒေးရှင်းမှ ရခိုင့်ဂုဏ်ဆောင်ဆုများ ချီးမြှင့်ခဲ့သည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ''အမျိုးသား ပါတီတိုင်းမှာ အမျိုးသားအကျိုးစီးပွားနဲ့ယှဉ်ရင် မည်သည့် အကျိုးစီးပွားမှမရှိပါဘူး။ အမျိုးသားပါတီ ပြန်လည် ပေါင်းစည်း ဖို့၊ ကျွန်တော်တို့ ရခိုင်တစ်မျိုးသားလုံး ပြန်လည်ပေါင်းစည်းဖို့၊ ဗမာတစ်မျိုးသားလုံးလည်း ပြန်လည်ပေါင်း စည်းဖို့ လိုတယ်ဆိုတဲ့ ခံယူချက်နဲ့ ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသမျှ ကြိုးစားနေပါတယ်။ ရခိုင်တစ်မျိုးသားလုံး မျော်လင့်နေတဲ့ ရခိုင်ပြည် ညီညွတ်ရေး၊ ပြန်လည်ဖွံ့ဖြိုး တိုးတက်ရေး လမ်းကြောင်းကို ရောက်ရှိအောင် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ လုပ်သင့်လုပ်ထိုက်တဲ့ ဆုံးဖြတ်ချက်တွေ ပြတ်ပြတ်သားသားနဲ့ ကျွန်တော်တို့ ချီတက်သွားမှာပါ'' ဟု ပြောကြားခဲ့သည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ''ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက ရပ်မိရပ်ဖ တွေကို လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်း၊ ကျွန်တော်တို့ရဲ့ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ သဘော ထား၊ ပီအာရ်စနစ်နဲ့ ပတ်သက်တဲ့ ရှေ့ကိုဖြစ်ပေါ်လာဖို့ အလားအလာကြီးကို ရှင်းပြတဲ့ အပိုင်းနဲ့ ပါတီနှစ်ခု ပေါင်းဖို့အတွက် ကျွန်တော်တို့ပါတီရဲ့ သဘောထားကို ရှင်းပြတဲ့အခါ မြို့နယ်တိုင်းလိုလိုက အားတက်သရော
 ထောက်ခံအားပေးခဲ့တယ်။ ဒီပါတီနှစ်ခု ပေါင်းတယ်ဆိုတာ ကျွန်တော်တို့ ပါတီရဲ့ သဘောထားထက် ရခိုင်ပြည်သူ ပြည်သားများက အဓိက တွန်းအားပေးတယ်လို့ ပြောချင်ပါတယ်။ ပေါင်းပြီးရင် ဒီပါတီနှစ်ခုသည် ညီညီညွတ်ညွတ် ခိုင်ခိုင်မြဲမြဲ ကျစ်ကျစ်လျစ်လျစ်နဲ့ အမျိုးသားရေးကို ဦးတည်တဲ့ ပါတီဖြစ်ဖို့ အရေးကြီးပါ တယ်'' ဟု ပြောကြားခဲ့သည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီနှစ်ခုကို ရခိုင်အမျိုးသား ပါတီ အဖြစ် ပေါင်းစည်းရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားခဲ့သည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...