ဇူလိုင်လ ၉ ရက် ၂၀၁၃
ကချင်ပြည်နယ် အရှေ့မြောက်ဖျား ဒေသရှိ ကချင် အထူးဒေသ (၁)နယ်မြေ အတွင်းတွင် ကေအိုင်အေများ တပ်စွဲထားခြင်းကို ဒေသခံများက ကန့်ကွက်ကြောင်း လက်မှတ် ရေးထိုးကာ ပြည်နယ် ဝန်ကြီးချုပ် ထံ တောင်းဆိုထားကြောင်း ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်သူ ဦးဇခုန်ယိန်းဆောင် က ပြောကြားသည်။
“ကေအိုင်အေတွေ ရောက်လာလို့ ဒေသခံတွေ စားနပ်ရိက္ခာ လိုတယ်။ ကလေးတွေ ပညာမသင်ရဘူး။ လုံလုံခြုံခြုံ မနေရဘူး။ ဒါကြောင့် ဒေသခံတွေ က သူတို့ (ကေအိုင်အေ) တွေ ရှိနေတာကို လက်မခံ ဘူး တောင်းဆိုတဲ့ အတွက် သူတို့ ကိုယ်စား အစိုးရကို တင်ပြပေးတာပါ” ဟု ၎င်းက ဆိုသည်။
ကေအိုင်အေ တပ်များသည် ကချင် အထူးဒေသ (၁) နယ်မြေဖြစ်သော တရုတ်-မြန်မာနယ်စပ် မိုင်တိုင် (၆) နှင့် (၇) တစ်ဝိုက်ကို ၂၀၁၂ ခုနှစ် ဧပြီလ တတိယပတ်တွင် ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ကာ တပ်စွဲထားသည့် အတွက် အစိုးရ နယ်ခြားစောင့်တပ်နှင့် ဒေသခံ ပြည်သူ့စစ်တို့က ပြန်လည် တိုက်ခိုက် ခဲ့သော်လည်း ကေအိုင်အေတပ်များ တပ်စွဲထားဆဲဖြစ်ကြောင်း ယင်းဒေသခံတို့က တူညီစွာ ပြောဆို ကြသည်။
ယင်းတိုက်ပွဲများကြောင့် ပန်ဝါမြို့နယ်ခွဲအတွင်းရှိ လဂွေကျေးရွာနှင့် ဖရဲကျေးရွာတို့၌ ထိခိုက်မှု များပြား ပြီး စစ်ဘေးရှောင် ဒုက္ခသည် အများစုမှာ လည်း ထိုကျေးရွာများမှ ဖြစ်သည်ကို တွေ့ရသည်။
လဂွေကျေးရွာမှ ဒေသခံ ပြည်သူ့စစ်တစ်ဦးကမူ“ကေအိုင်အေဆိုတာနာမည်ပဲကြားဖူးတယ်။ မြင်တောင် မြင်ဖူးကြတာ မဟုတ်ဘူး။ ဒါကြောင့် သူတို့ နယ်မြေ မဟုတ်တဲ့အတွက် ဆုတ်ပေးရမယ်။ သူတို့ မဆုတ်ရင် တိုက်ပွဲ ဖြစ်နေဦးမှာပဲ” ဟု ပြောကြားသည်။
လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော ဒီမိုကရေစီသစ် တပ်မတော် (ကချင်) NDA-K က ၁၉၈၉ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေး ရရှိသည့်အခါ ကချင်ပြည်နယ် အရှေ့မြောက်ဘက် ဒေသရှိ ယင်းအဖွဲ့အစည်း ထိန်းချုပ် ဧရိယာကို ကချင် အထူးဒေသ (၁) နယ်မြေ အဖြစ် သတ်မှတ်ခဲ့ပြီး လက်နက် ကိုင် တပ်ဖွဲ့ကို ၂၀၀၉ ခုနှစ်တွင် အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် လက်ခံခဲ့ပြီး ခေါင်းဆောင်ပိုင်း အချို့ က ရွေးကောက်ပွဲ ဝင်ခဲ့ကြသည်။
ကချင် အထူးဒေသ (၁) နယ်မြေအတွင်းတွင် လောဝေါ်၊ လချိတ်၊လီဆူးလူမျိုးများအများစု နေထိုင်ကြသည်။
The Voice Weekly

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...