မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဒီမိုကရေစီ ရည်မှန်းချက်ကို ဖြည့်ဆည်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြီး ကျေးဇူးဆပ် သင့်ကြောင်း ဇူလိုင်လ ၁၉ ရက်(အာဇာနည်)နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ထုတ်ပြန်ကြေညာသည်။
အမျိုးသား သွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အတွက် တရားဥပဒေ စိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံးအကောင်အထည်ဖော်သင့်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒီမိုကရေစီသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်၊ ငြိမ်းချမ်းရေးကို အားပေးတယ်လို့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ပြောခဲ့ပါတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးက ဆိုသည်။
NDL ပါတီသည် အာဇာနည် ခေါင်းဆောင်များ၏ လမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်ပြီး တိုင်းရင်းသား အားလုံး စည်းလုံး ညီညွတ်ရေးနှင့်တန်းတူအခွင့်အရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေကြောင်း ဦးတင်ဦး က ပြောကြားသည်။
ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရခြင်း အကြောင်းအရင်းမှာ အကြမ်းဖက်ဝါဒ ဆိုးကြောင့်ဖြစ်ပြီး ယင်းဝါဒကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြင်းထန်စွာ ရှုတ်ချ ကြောင်း၊ အဆိုပါအကြမ်းဖက် အစဉ်အလာဆိုးများ ပျောက်ကွယ်ရန် ပြည်သူလူထုနှင့် အတူ ပူးပေါင်းကြိုး ပမ်းမည် ဖြစ်ကြောင်း NDL ကထုတ်ပြန်သည်။
အာဇာနည်နေ့သည် ဝမ်းနည်းကြေကွဲဖွယ်ဖြစ်သော်လည်း ထိုသို့သောခေါင်းဆောင်များရှိခဲ့သည်ကို ဂုဏ်ယူ ရမည့် နေ့တစ်နေ့ ဖြစ်ကြောင်း (၆၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အခြေခံဥပဒေကို ပြင်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီကို အဖွဲ့ဝင် ၁၀၉ ဦးဖြင့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ဖွဲ့စည်းမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ထားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NDL ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၎င်းသမ္မတအဖြစ် ရွေးချယ်ခံ ရခွင့်ရရန် အခြေခံဥပဒေကို ပြင်ဆင်ပေးရမည် ဖြစ်ကြောင်း အာဇာနည်နေ့မတိုင်မီ တစ်ရက်အလိုတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။
The Voice Weekly
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...