မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး ပါတီကြီးနှစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့အကြား သင့်မြတ်သောဆက်ဆံရေး ကြောင့် အခြားသောနိုင်ငံရေးပါတီများအနေနှင့် နစ်နာမှုများဖြစ်ပေါ်နိုင်သည်ဟု စိုးရိမ်စိတ်မထားကြရန် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဇူလိုင်လ ၁၈ရက်နေ့တွင် နေပြည်တော် ကောင်စီရှိ လွှတ်တော် အဆောက်အအုံ၌ သတင်းမီဒီယာများနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
လွှတ်တော်တွင်း ကိုယ်စားလှယ်နေရာအများဆုံးရရှိထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌသူရဦးရွှေမန်းနှင့်ဒေါ်အောင်ဆန်းစုကြည် တို့အကြားတွင် ဆက်ဆံရေး အထူးကောင်းမွန်ပြီး နားလည် မှုအချို့ ယူထားနိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြသည်။
ပါတီကြီးနှစ်ခု သင့်မြတ်မှု ရှိသော်လည်းလွှတ်တော်တွင် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်း စုကြည်က“အဓိကအတိုက်အခံ ပါတီအနေနဲ့ အတိုက်အခံ တာဝန်တွေကိုသာ ထမ်းဆောင်သွားမှာပါ” ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်မှာ ပြည်ထောင်စုစနစ်ဖြစ်ပြီး ပြည်နယ် အသီးသီးတွင် တိုင်းရင်းသားပါတီများ ရှိသဖြင့် သက်ဆိုင်ရာ ပြည်နယ်များ တွင် တိုင်းရင်းသားပါတီများ အင်အားကောင်းမည်ဟု ယုံကြည်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြုသည်။
ပြည်ထောင်စုအဆင့် လွှတ်တော်တွင် ပါတီကြီးနှစ်ခုက လွှမ်းမိုးထားပါကလည်း တိုင်းရင်းသားများ၏ အခန်း ကဏ္ဍ မှေးမှိန်မသွားစေရန် သက်ဆိုင်ရာ ပါတီကြီးများက တိုင်းရင်းသားများ၏ အခန်းကဏ္ဍ မြှင့်တင်ပေးရန် တာဝန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
တိုင်းရင်းသားပါတီများအားလုံး ပူးပေါင်းဖွဲ့စည်းမည့် ဖက်ဒရေးရှင်း ပါတီသစ်က အင်အားကြီးပါတီနှစ်ခုကို ယှဉ်ပြိုင် ထိန်းကျောင်းသွားမည်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း တိုင်းဒေသကြီးများရှိ မဲဆန္ဒနယ်
များ အားလုံးတွင် ပါတီကြီးများနှင့် တန်းတူ ယှဉ်ပြိုင်မည် ဖြစ်ကြောင်း တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) က ထုတ်ပြန်ထားသည်။
The Voice Weekly
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...