Pages

Thursday, August 8, 2013

ရှစ်လေးလုံးငွေရတုကျင်းပမည့် ဘုန်းကြီးကျောင်း၌ သံဃာတစ်ပါး မိမိကိုယ်ကိုမီးရှို့အဆုံးစီရင်

မုံရွာမြို့တွင် ရှစ်လေးလုံးငွေရတုအခမ်းအနားကျင်
းပမည့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ သံဃာတစ်ပါး မိမိကိုယ်ကိုမီးရှို့အဆုံးစီရင်မှုတစ်ခု သြဂုတ် ၈ ရက် နံနက် ၅ နာရီအချိန်ခန့်ကဖြစ်ပွားခဲ့ကြောင်း ယင်းဒေသ ရဲစခန်းမှ စုံစမ်းရရှိသည်။

မိမိကိုယ်ကိုမီးရှို့အဆုံးစီရင်မှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် ဆရာတော်မှာ သက်တော် ၂၄ နှစ်၊ ဝါတော် ၄ ဝါရှိ အရှင်သုန္ဒရဖြစ်ကြောင်း ရဲစခန်းကအတည်ပြုထားသည်။

ထိုအဖြစ်အပျက်ဖြစ်ပွားခဲ့သည့် ဂျိုးဖြူဘုန်းတော်ကြီးကျောင်းတွင် သြဂုတ် ၈ ရက်၌ ကျရောက်သည့် ရှစ်လေးလုံးအရေးတော်ပုံငွေရတုအထိမ်းအမှတ် အခမ်းအနားကျင်းပရန် အသင့်ပြင်ဆင်၍ ထားပြီးဖြစ်သည်။

ဆရာတော်သည် ထိုဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ရတနာမုနိစေတီအရှေ့ဘက် မုခ်ဦးလှေကားတွင် မိမိကိုယ်ကို မီးရှို့အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်။

ဆရာတော် အရှင်သုန္ဒရသည် မိမိကိုယ်ကိုမီးရှို့၍ အဆုံးမစီရင်မီ နောက်ဆုံးသေတမ်းစာကဲ့သို့သော စာတစ်စောင်ကို ရေးသားခဲ့ကြောင်းလည်း မုံရွာစခန်းမှူးရဲအုပ် ဦးညီညီထွန်းက မဇ္ဈိမကိုပြောသည်။

ယင်းစာတွင် မည်ကဲ့သို့ထုတ်ဖော်ရေးသားထားသည်ကိုမူ ရဲဌာနက အသေးစိတ်မထုတ်ပြန်သော်လည်း သဗ္ဗေညုတဉာဏ်ရရှိရန် လက်ရှိဘဝ၌ ပူဇော်ခြင်းဖြစ်သည်ဟု ဆရာတော်ကရေးသားခဲ့ကြောင်း ရဲအုပ် ညီညီထွန်းက အတည်ပြုပြောကြားသည်။

အဆိုပါဆရာတော်သည် အမှန်တကယ်ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့ခြင်းဟုတ်မဟုတ် ရုပ်ကလပ်ကို ဆေးရုံ၌ချက်ချင်းစစ်ဆေးခဲ့ရာ အသက်ရှုလမ်းကြောင်းတွင် မီးခိုးနှင့် မှိုင်းကြပ်ခိုးများတွေ့ရသဖြင့် အမှန်တကယ် ကိုယ့်ကိုကိုယ်အဆုံးစီရင်မှု ဖြစ်ကြောင်း မုံရွာဆေးရုံမှ မှုခင်းဆရာဝန်ကြီးကအတည်ပြုခဲ့သည်

လက်ရှိတွင် အရှင်သုန္ဒရ၏ရုပ်ကလပ်ကို သဂြိုဟ်ရန် မုံရွာမြို့မှသြဇာရှိဆရာတော်များနှင့် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့မှ စည်ပင်သာယဝန်ကြီးတို့က စီစဉ်လျှက်ရှိသည်။

ယခုအခင်းဖြစ်ပွားသည့် မုံရွာမြို့မှ ဂျိုးဖြူကျောင်းတိုက်မှ သံဃာတော် ၈၈ ပါးသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က လက်ပံတောင်းသပိတ်စခန်းဖြိုခွင်းမှုတွင် မီးလောင်ဒဏ်ရာရခဲ့ကြဖူးသည်။
 
 From:mizzima

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...