Pages

Sunday, August 18, 2013

၂၀၁၃ တောင်ပြုံးပွဲ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်များထက် လူပိုစည်းကား

W-18-8
သြဂုတ် ၁၇ ရက်က တောင်ပြုံးအ၀င်လမ်းတွင် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားနေစဉ် (ဓာတ်ပုံ- အောင်သူ)
ဝါခေါင်လဆန်း ၁ ရက်မှ ၀ါခေါင်လပြည့်နေ့အထိ ကျင်းပသည့် တောင်ပြုံးရွာ ဆုတောင်းပြည့် ဆုတောင်းရဘုရားပွဲနှင့် တောင်ပြုံးမင်းနှစ်ပါးပွဲတော် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ယခုအချိန်တွင် အနယ်နယ်အရပ်ရပ်မှ လူအုပ်ကြီးသည် မြစ်ချောင်းများ စုပေါင်း၍ ပင်လယ်ထဲ စီးဝင်သကဲ့သို့ အထက်မြန်မာပြည် မတ္တရာမြို့နယ် အတွင်းရှိ တောင်ပြုံးရွာသို့
စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။ ယခုနှစ်တွင်လည်း ယခင်နှစ်များနည်းတူ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ လာရောက်သည့် ပရိသတ် သိန်းဂဏန်းဝန်းကျင်ရှိကြောင်း သိရသည်။

ဝါခေါင်လဆန်း ၁၁ ရက် (သြဂုတ်လ ၁၇)နေ့ ချိုးရေတော်သုံးပွဲ ကျင်းပချိန်၌ ပွဲတော်အစည်ကားဆုံးနေ့ဖြစ်ပြီး ယခုနှစ်တွင် တောင်ပြုံးရွာသို့ သွားရာလမ်းတစ်လျှောက်တွင် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်ခြင်းနှင့် လူဦးရေသောင်းချီကာ ပိတ်မိနေခဲ့ကြောင်း သိရသည်။

တောင်ပြုံးတွင် မင်းကြီးမင်းလေး မင်းနှစ်ပါး နန်းကြီးအပြင် ၃၇ မင်းနတ်နန်း ၄၀ ခန့်ရှိပြီး ကနားတဲနတ်နန်း အခန်းပေါင်း ၄၀၀၀ ကျော်ရှိကြောင်း၊ တက်ပွဲပေးသည့် အခမ်းအနားများကို နှစ်စဉ်ရွှေတိုက်စာရင်းဝင် နတ်ကတော် ၅၀၀ ခန့်က ၆ ရက်တိုင်တိုင် နံနက် ၃ နာရီခန့်ထိ ကျင်းပကြကြောင်း သိရသည်။


တောင်ပြုံးပွဲတော်အ၀င် မန္တလေး-မိုးကုတ် ကားလမ်းတစ်လျှောက် အရှည်နှစ်မိုင်ခန့်ကား၊ ဆိုင်ကယ်များ ပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ပြီး မန္တလေး-မိုးကုတ်လမ်းမှ တောင်ပြုံးပွဲတော်အတွင်း အ၀င်လမ်းတစ်လျှောက်တွင် တစ်မိုင်ကျော် ကား၊ ဆိုင်ကယ်နှင့် လူများဆိုးရွားစွာ ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ . . . . .
"စီးပွားရေး အဆင်မပြေကြတော့ နတ်ကိုနားပူနားဆာလုပ်ဖို့ လာကြလို့ တစ်နှစ်ထက်တစ်နှစ် ပိုစည်လာသလား မပြောတတ်ဘူး။ ချိုးရေတော်သုံးတဲ့ ရက်ကတော့ နှစ်တိုင်းတိုးမပေါက်အောင် စည်တာပါပဲ" ဟု တောင်ပြုံးကျေးရွာ ဒေသခံတစ်ဦးက ဆိုသည်။

တောင်းပြုံးမင်းနှစ်ပါး ပွဲတော်တွင် ၀ါခေါင်လဆန်း ၁၀ ရက်၌ ညီလာခံသဘင် ကျင်းပခြင်း၊ လဆန်း ၁၁ ရက်တွင် ချိုးရေတော်သုံးခြင်း၊ လဆန်း ၁၄ ရက်တွင် ယုတ်ထိုးပွဲနှင့် လပြည့်နေ့တွင် ထိန်ပင်ခုတ်ပွဲ ကျင်းပခြင်းများကို ရိုးရာဓလေ့ အစွဲအလမ်းများနှင့် အစဉ်အလာမပျက် ပေါင်းစပ်ကျင်းပလျက်ရှိကြောင်း သိရသည်။

တောင်ပြုံးပွဲတော် ချိုးရေတော်သုံး ကျင်းပသည့်နေ့တွင် နာရီပေါင်းများစွာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်ပြီး နိုင်ငံတစ်ဝန်းမှ ပွဲတော်လာ ပရိသတ် သောင်းဂဏန်းခန့် ပိတ်မိကာ သွားလာမှု အခက်အခဲ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ရာတွင် တောင်ပြုံးပွဲတော်အ၀င် မန္တလေး-မိုးကုတ် ကားလမ်းတစ်လျှောက် အရှည်နှစ်မိုင်ခန့်ကား၊ ဆိုင်ကယ်များ ပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ပြီး မန္တလေး-မိုးကုတ်လမ်းမှ တောင်ပြုံးပွဲတော်အတွင်း အ၀င်လမ်းတစ်လျှောက်တွင် တစ်မိုင်ကျော် ကား၊ ဆိုင်ကယ်နှင့် လူများဆိုးရွားစွာ ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့သည်။

X-18-8
သြဂုတ် ၁၇ ရက်က ပွဲတော်လာသူများကို တောင်ပြုံးအ၀င်လမ်းတွင် တွေ့ရစဉ်

"နှစ်တိုင်းကတော့ အခုလို ချိုးရေတော်သုံးတဲ့ရက်မှာ အ၀င်လမ်း၊ အထွက်လမ်းတွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပြီး သွားလာရ ခက်ခဲတတ်ပေမယ့် ဒီနှစ်ကတော့ ဆိုးဆိုးရွားရွားပါပဲ။ ပိုဆိုးတာက ဘုရားဖူးမှန်လုံ ကားကြီးတွေကို ၀င်ခွင့်ပေးထားတော့ ပိုပိတ်တာပေါ့။ အ၀င်နဲ့ အထွက်လမ်းက ကျဉ်းကျဉ်းလေးဆိုတော့ အဲ့ဒီကားကြီးတွေနဲ့တင် လမ်းကပြည့်နေပြီ" ဟု တောင်ပြုံးကျေးရွာ ဒေသခံတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ ကားပိတ်ဆို့ကာ သွားလာရေး ခက်ခဲမှုကို နံနက် ၆ နာရီခန့်မှ စတင်ကြုံတွေ့ခဲ့ရပြီး ညနေပိုင်းအချိန်ထိ ဖြစ်ပေါ်ခဲ့သည်။

"မနက် ၈ နာရီကတည်းက အ၀င်လမ်းမှာ ပိတ်မိနေတာ။ နေရာကို မရွေ့တော့ဘူး။ အခုနေ့လည် ၂ နာရီ ရှိသွားပြီ။ ဘုရားပွဲကို မရောက်သေးဘူး" ဟု မော်လမြိုင်မှ တောင်ပြုံးပွဲသို့ လာရောက်သူတစ်ဦးက ဆိုသည်။

ယာဉ်ကြောပိတ်ဆို့ရသည့် အကြောင်းရင်းများတွင် နှစ်လမ်းသွား ပြုလုပ်ထားရှိသော်လည်း ယာဉ်ကြောအတိုင်း သွားလာမှု မရှိခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုအား ဖြေရှင်းပေးမည့် ယာဉ်ထိန်းရဲ လုံလောက်မှု မရှိခြင်းကြောင့် အချိန်ကြာမြင့်စွာ ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့သည်။

တောင်ပြုံးဆုတောင်းပြည့် ဘုရားပွဲတော်နှင့် တောင်ပြုံးမင်းနှစ်ပါး ပွဲတော်ကို သြဂုတ် ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ပြုံးပွဲတော်တွင် ပွဲကျင်းပရေး ကော်မတီမှ စည်းကမ်းချက်များ ထုတ်ပြန်ကာ ပွဲတော်လာ ဧည့်သည်များအတွက် လုံခြုံရေး၊ ကျန်းမာရေး ကိစ္စများကို ဆောင်ရွက်ပေးလျက်ရှိပြီး ဖိုးချစ်နှင့် ဟန်ဇာမိုးဝင်း ဇာတ်အဖွဲ့နှစ်ဖွဲ့မှလည်း တောင်ပြုံးပွဲတော်ကာလ ၀ါခေါင်လဆန်း ၁၁ ရက်မှ လပြည့်ကျော် ၁ ရက်နေ့အထိ ကပြဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

From : ..eleven

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...