၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ ထုတ် တိုင်း (TIME) မဂ္ဂဇင်း အတွဲ ၁၈၂၊ အမှတ်
၁ တွင် ဦးဝီရသူ၏ ဓာတ်ပုံကို မျက်နှာဖုံးတင်၍ “The Face Of Buddhist
Terror” အမည်ရှိ ဆောင်းပါး ဖော်ပြမှုသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ
ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ရာ ကျရောက်နိုင်သဖြင့် အရေးယူပေးရန်
အရေးပေါ်ကာလ စီမံခန့်ခွဲရေး ကော်မတီကို တင်ပြ လိုက်ကြောင်း သတင်းရရှိသည်။
ယနေ့ မနက်ပိုင်းက နေပြည်တော်တွင် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ၊
မှတ်ပုံတင်နှင့် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်းအဝေး
ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် တိုင်းမဂ္ဂဇင်းပါ ဆောင်းပါးကြောင့်
ဘာသာ ပေါင်းစုံအကြား နားလည်မှု တည်ဆောက်နေသည့် လုပ်ငန်းစဉ်များကို
အနှောင့်အယှက် ဖြစ်စေနိုင်သည့်အပြင်၊ မလိုလား အပ်သော ဘေးအန္တရာယ်များ
ကျရောက်နိုင်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလ
အခွင့်အရေးနှင့် တာဝန်များကိုလည်း ဖောက်ဖျက်ရာ ကျရောက်နိုင်ကြောင်း
သုံးသပ်တွေ့ရှိရသဖြင့် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက လိုအပ်သလို
အရေးယူ ဆောင်ရွက်ပေးရန် တင်ပြထားကြောင်း သမ္မတ ဦးသိန်းစိန်၏
ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဧရာဝတီသို့
ပြောသည်။
“ကျနော်တို့က ဒီဆောင်းပါးပါတဲ့ စာစောင်ကို ဖြန့်ချိလိုက်ရင် ပိုပြီး
တင်းမာမှုတွေ ဖြစ်သွားနိုင်တယ်။ လှုံ့ဆော်ရာ ရောက်တဲ့ အတွက် ဒါနဲ့ပတ်သက်လို့
စဉ်းစားဆောင်ရွက် ပေးပါဆိုပြီး အရေးပေါ်ကာလ စီမံခန့်ခွဲမှုကို မေတ္တာရပ်ခံ
ထားတယ်။ ကော်မတီက ဒီညနေမှာ အစည်းအဝေး ထိုင်နေတယ်ဆိုတာ သိရတယ်။ သူတို့
လုပ်ဆောင်မယ့် လုပ်ဆောင်ချက်ကို ကျနော်တို့ မသိသေးဘူး။ ဆောင်းပါးရှင်နဲ့
ပတ်သက်လို့ အရေးယူဖို့ တင်ပြထားတာမျိုး လောလော ဆယ်မရှိပါဘူး” ဟု ဦးရဲထွဋ်က
ဆိုသည်။
အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဆိုသည်မှာ ၂၀၁၃ ခုနှစ် မတ်လ ၃၀
ရက်နေ့တွင် သမ္မတဦးသိန်းစိန်က ၂၀၁၃ ခုနှစ်ဆန်းပိုင်းအတွင်း ဖြစ်ပွားခဲ့သော
လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ တားဆီး ထိန်းသိမ်းနိုင်ရေး အတွက် ဖွဲ့စည်း
ထားသော အဖွဲ့အစည်း ဖြစ်ပြီး ပြည်ထဲရေး ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက
ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ကာ ၀န်ကြီးနှင့် ဒုဝန်ကြီး ၁၀ ဦးက အဖွဲ့ဝင် အဖြစ်
ပါဝင်သည်။
ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်မှာလည်း အရေးပေါ်ကာလ စီမံခန့်ခွဲရေးကော်မတီ၏
အဖွဲ့ဝင် တဦးဖြစ်သည်။
အစိုးရက တိုင်း မဂ္ဂဇင်းအပေါ် အရေးယူဆောင်ရွက်ရန် ပြင်ဆင်နေချိန်
မြန်မာနိုင်ငံတွင်းသို့ တိုင်း မဂ္ဂဇင်းကို တဦးတည်း ကိုယ်စားလှယ်
တင်သွင်းနေသော အင်းဝ စာပေတိုက်၏ မန်နေဂျာ ဦးမောင်မောင်လွင်က ယခု
ဇူလိုင်လထုတ် တိုင်း မဂ္ဂဇင်းကို မဖြန့်ချိတော့ရန် ဆုံးဖြတ် လိုက်ကြောင်း၊
ယင်းသို့ ဆုံးဖြတ်ခြင်းမှာ တစုံတဦး၏ ဖိအားပေးမှု မပါဘဲ အင်းဝ စာပေတိုက်မှ
ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက် အရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့
ပြောသည်။
“ဒီဇူလိုင်လထုတ် တိုင်း မဂ္ဂဇင်းကို ဖြန့်ချိခြင်း မပြုပါဘူးဆိုပြီး
ကြေညာထားတယ်။ ကျနော်တို့ ဖြန့်နေတာက စောင်ရေ ၆၀၀ ကျော် ရှိပါတယ်။ ၈၀
ရာခိုင်နှုန်းလောက်က လပေး ယူထားတဲ့သူတွေပါ။ ကျနော်တို့ အသိစိတ်ဓာတ်နဲ့
ကျနော်တို့ဘာသာ ကျနော်တို့ လုပ်တာပါ။ ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့
ဒီမဂ္ဂဇင်းကို ဖြန့်ချိဖို့ မသင့်တော်ဘူးလို့ ဒါရိုက်တာ အဖွဲ့က
ဆုံးဖြတ်ပြီးတော့ မဖြန့်ချိတာပါ။ ဘယ်သူ့ဖိအား၊ ဘာပြဿနာမှ မရှိပါဘူး။
ကျနော်တို့က တဦးတည်း ကိုယ်စားလှယ် အနေနဲ့ သွင်းနေတာပါ။ ကျနော်တို့
တာဝန်ယူတဲ့ အပိုင်းက မဖြန့်ချိဘူး။ အရင်တုန်းက စာပေစိစစ်ရေး ရှိတယ်။
စာပေစိစစ်ရေးက တာဝန်ယူ ပြီးတော့ မဖြန့်ရပါဘူး ဆိုရင် ကျနော်တို့မှာ
ပြဿနာမရှိဘူး။ စာပေစိစစ်ရေးက ပိတ်လိုက်တယ်လို့ ပြောလိုက်ရင် ပြဿနာ
မရှိဘူး။ အခုက ကိုယ့်တာဝန် ကိုယ်ယူရတာ ဆိုတော့လေ ကျနော်တို့ လူကြီးတွေရဲ့
ဆုံးဖြတ်ချက်ပါပဲ။ ဒါကို ဖြန့်ဖို့ မသင့်ဘူးဆိုပြီး မဖြန့်တာပါ” ဟု
ဦးမောင်မောင်လွင်က ဆိုသည်။
တိုင်း မဂ္ဂဇင်းအပေါ် ဝေဖန်မှုများမှာ စာနယ်ဇင်း အသိုင်းအ၀ိုင်း၊ နိုင်ငံရေး
အသိုင်းအ၀ိုင်းနှင့် ပြည်သူများအကြား ပျံ့နှံ့လျှက် ရှိပြီး ယခုရက်ပိုင်း
ထွက်ရှိသော စာနယ်ဇင်း အများစုတွင် တိုင်းမဂ္ဂဇင်း၏ ဆောင်းပါးကို ဝေဖန်ချက်
အမျိုးမျိုးဖြင့် တင်ဆက် နေသည်ကို တွေ့ရသည်။
ယနေ့ နေပြည်တော်တွင် ပြန်လည်ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်
ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများ အရေးယူ ဆောင်ရွက်နိုင်သော ဥပဒေ တရပ်
ပြဋ္ဌာန်းရန် အစီအစဉ် ရှိ၊ မရှိ အမရပူရမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးသိန်းထွန်းဦးက မေးမြန်းခဲ့ရာ ပြည်ထဲရေး ဒုတိယ၀န်ကြီး ရဲချုပ်
ကျော်ကျော်ထွန်းက အစိုးရအနေဖြင့် လက်ရှိ ဥပဒေများ လုံလောက်ပြီ
ဖြစ်သောကြောင့် သီးခြားဥပဒေ ထပ်မံ ပြဋ္ဌာန်းရန် မရှိဟု ဖြေဆိုသွားသည်။
From :
..irrawaddy

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...