နည်းပညာ တက္ကသိုလ် (သန်လျင်) တွင်
ဖြစ်ပွားခဲ့သည့် ညစ်ညမ်း ဗီဒီယိုဖိုင်
ထွက်ပေါ်လာမှုမှာ ကျောင်း အာဏာပိုင်တွင်လည်း တာဝန်ရှိပြီး အခင်းဖြစ်သည့်သူ
နှစ်ဦးကိုသာ ပြစ်တင်ပြောဆိုနေမှုများ ကို ကန့်ကွက် ရှုတ်ချကြောင်း တက္ကသိုလ်
ငါးခုမှ ကျောင်းသားများနှင့် ဖွဲ့စည်းထားသည့် ဗမာနိုင်ငံလုံး ဆိုင်ရာ
ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၏ ကိုယ်စားလှယ် များက သြဂုတ်လ ၅ ရက်နေ့
နံနက် ၁၁ နာရီက နည်းပညာ တက္ကသိုလ် (သန်လျင်) အနီးရှိ တောသားကြီး
စားသောက်ဆိုင်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။
အဆိုပါ ကိစ္စရပ်များကို ကျောင်း အာဏာပိုင်များ အနေနှင့် ဖြေရှင်း ရမည်
ဖြစ်ပြီး ကျောင်းအုပ် ဆရာမကြီး (ပါမောက္ခချုပ်) မှ စ၍ ဆရာ ဆရာမများ၊ ကျောင်း
စည်းကမ်းထိန်းသိမ်းရေး စသည်ထိ တာဝန်ရှိကြောင်း ရန်ကုန်
အရှေ့ပိုင်းတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(သန်လျင်)၊ သမဝါယမ တက္ကသိုလ်
(သန်လျင်)၊ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် တို့မှ ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်း သားသမဂ္ဂများ အဖွဲ့ချုပ်၏ ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။
ယင်းကိစ္စရပ်နှင့် ပတ်သက်၍ နည်းပညာ တက္ကသိုလ်(သန်လျင်) ၏ ဂုဏ်သိက္ခာကို
ထိပါးစေသည့် သီချင်း တစ်ပုဒ်မှာ အင်တာနက် စာမျက်နှာပေါ်တွင်
ပျံ့နှံ့လျက်ရှိကြောင်း၊ မသမာ လောဘသားများကလည်း အဆိုပါ ညစ်ညမ်း
ဗီဒီယိုဖိုင်ကို မီးပွိုင့်များတွင် ရောင်းချနေသည်ကို တွေ့နေ ရကြောင်း၊
ယင်းကဲ့သို့ ကျောင်းသားထုကို ထိပါး စော်ကားလာပါက လက်ခံမည် မဟုတ်ဘဲ ပြန်လည်
တုံ့ပြန်သွားမည် ဖြစ်ပြီး ယင်းကဲ့သို့ ဖြစ်ပွားနေမှုများကို သက်ဆိုင်ရာ
အာဏာပိုင်များက တားဆီးပေးစေလိုကြောင်း ဗကသ (ဗဟို ကော်မတီ) မှ တွဲဖက်
အတွင်းရေးမှူး ကိုမင်းသွေးသစ်က အဆိုပါပွဲတွင် ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်ကို ရာဇဝတ်မှု ပုံစံ ပြောဆို ဖြန့်ဝေနေမှုမှာ တူညီဝတ်စုံ
ဝတ်ဆင်နေရသည့် ကျောင်းသားထုကို ဖိနှိပ်ရာ ရောက်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ
လူ့အခွင့်အရေးပါ ကြေညာစာတမ်း အမှတ် ( ၆ ) အရ ငြိစွန်းကြောင်း၊ ယင်းကဲ့သို့
ပြုလုပ် ပြောဆိုနေမှုများမှာ ၎င်း၏ မိသားစု ဂုဏ်သိက္ခာ အပြင် ကျောင်းသားထုကို
ထိခိုက်စေနိုင်ကြောင်း ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် (ဗကသ) မှ သဘောထား
ထုတ်ပြန် ကြေညာသည်။
ကျောင်းပိတ်ရက် ဖြစ်သည့် ဇူလိုင်လ ၂၈
ရက်နေ့က ကျောင်းအတွင်း ရှိ ကျောင်းသား ကျောင်းသူများကို အသိမပေးဘဲ အဆိုပါ
တက္ကသိုလ် အနီး တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားသည့် နည်းပညာတက္ကသိုလ်
(သန်လျင်) ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များမှာ ဗကသမှ အဖွဲ့ဝင်များ မဟုတ်ဘဲ
ကျောင်းရှိ ပါမောက္ခများ အလိုကျ ဖွဲ့စည်းထားသည့် အဖွဲ့ သာဖြစ်ပြီး မိမိတို့
ဗကသနှင့် မသက်ဆိုင်ကြောင်း နည်းပညာ တက္ကသိုလ် (သန်လျင်) ဗကသ အဖွဲ့မှ
ကိုယ်စားလှယ်က အဆိုပါပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။
From :
..the voice

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...