Pages

Wednesday, August 14, 2013

၉၆၉ အဖွဲ့ အများပိုင် စီးပွားရေးကုမ္ပဏီ ထူထောင်

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရန် ၉၆၉ အဖွဲ့သည် မြန်မာ တိုင်းရင်းသားပိုင် လုပ်ငန်းများ ချိတ်ဆက် ဆောင်ရွက်နိုင်ရေး အတွက် မြန်မာ အမျိုးသား စီးပွားရေး အင်အားစု အများပိုင် ကုမ္ပဏီကို ဇူလိုင်လ ၁ ရက်က စတင် တည်ထောင်ကာ ပြည်သူ့အကျိုးပြု လုပ်ငန်း များ ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ ကုမ္ပဏီ အမူဆောင် အရာရှိချုပ် ဦးကျော်နန္ဒကိုက The Voice သို့ ပြောကြားသည်။

အဆိုပါ ကုမ္ပဏီက မြန်မာ တိုင်းရင်းသား လုပ်ငန်းများအတွက် ဝန်ဆောင်မူ ပေးခြင်း၊ မြန်မာနိုင်ငံ တစ်ဝန်းရှိ ကျေးရွာများတွင် ဘုန်းကြီးကျောင်း ပညာရေးစနစ် ဖော်ဆောင်ရေး၊ သောက်သုံးရေ လုံလောက်စွာ ရရှိရေး၊ လျှပ်စစ်မီး ရရှိရေးအတွက် ဆောင်ရွက်ပေးခြင်း သာမက ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လိုပါက ဝန်ဆောင်မှု ပေးမည်ဖြစ်ပြီး ရရှိသော အကျိုးအမြတ်ကို ကျေးရွာများရှိ ပရဟိတ စာသင်ကျောင်း၊ ကျေးလက် ဆေးပေးခန်းများကို ထောက်ပံ့ မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။

မြန်မာအမျိုးသား စီးပွားရေး အင်အားစု အများပိုင် ကုမ္ပဏီက ကျေးလက် အခြေပြု စီးပွားရေး လုပ်ငန်းများ နည်းပညာ အကူအညီပေး ရန်၊ ကျေးလက်ဒေသမှ လူငယ်များ အလုပ်အကိုင် ဖန်တီးပေးရန်၊ တိုင်းရင်းသားပိုင် လုပ်ငန်းများ တည်ဆောက်ပြီး ကုန်ဈေးနှုန်း ကျဆင်းရန်၊ မြန်မာ တိုင်းရင်းသားပိုင် လုပ်ငန်းများ စုစည်းပြီး အမျိုးသားရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်စေရန်နှင့် အခြား လုပ်ငန်းစဉ်များကိုပါ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

“လူထုအခြေပြု စီးပွားရေးကို ဦးစားပေးပြီး လုပ်မယ် ဆိုရင်တော့ ကောင်းမွန် တဲ့ လုပ်ရပ် တစ်ခုပါ” ဟု ဘာသာရေးနှင့် ငြိမ်းချမ်းရေး အဖွဲ့အစည်း တစ်ခု ဖြစ်သော Pray For Myanmar အဖွဲ့မှ ဦးအောင်နိုင်စိုးက မှတ်ချက်ပြု ပြောကြားသည်။

မြန်မာအမျိုးသား စီးပွားရေး အင်အားစု အများပိုင် ကုမ္ပဏီကို ဇူလိုင်လ ၁ ရက်နေ့တွင် စတင် တည်ထောင်ပြီး ရန်ကုန်မြို့တော် စမ်းချောင်းမြို့နယ်တွင် ရုံးချုပ် ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ရုံးခွဲများ ဆက်လက် ဖွင့်လှစ်မည် ဖြစ်ကြောင်း ကုမ္ပဏီ အမူဆောင် အရာရှိချုပ် ဦးကျော်နန္ဒကို က ပြောကြားသည်။


From : ..the voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...