ပြည်တွင်း ဆန်ဈေး မြင့်တက်မှုသည် ပြည်ပ ဈေးကွက်သို့ တင်ပို့မှုနှုန်းများ၍
မဟုတ်ကြောင်း မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက
ပြောဆိုသည်။
ပြည်တွင်း၌ သဘာဝ
ဘေးအန္တရာယ်များကြောင့် ဆန်စပါး ဆုံးရှုံးနေချိန် တွင် ပြည်ပ
ဆန်တင်ပို့မှုမှာလည်း နှစ်စဉ် တိုးမြှင့် တင်ပို့လာခြင်း များကြောင့်
ပြည်တွင်းဆန် ဈေးနှုန်းများ တက်လာရသည် ဆိုသည့် ပြည်သူနှင့် ဆန်
လုပ်ငန်းရှင် အချို့၏ ထင်မြင် ယူဆနေမှုအပေါ် ၎င်းက အထက်ပါအတိုင်း တုံ့ပြန်
ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ပြည်တွင်း ဆန်ကုန်သည် အချို့သည်
ဆန်ကို ဈေးကွက်အတွင်း ထုတ်ရောင်းခြင်း မပြုဘဲ ဈေးမြင့်တက်လာစေရန် လက်ဝယ်
ကိုင်ထားခြင်းနှင့် နယ်စပ် ဈေးကွက်သို့ တင်ပို့သည့် ဆန်များ သည်
နိုင်ငံတကာဈေးကွက် ပေါက်ဈေးအရ အကျိုးအမြတ် မရှိ၍ ပြည်တွင်း သို့ ပြန်လည်
တင်သွင်းမှုများ ရှိခြင်းကြောင့် ဆန် သယ်ယူစရိတ် မြင့်တက် ကာ ယင်းသို့
ဆန်ပေါက်ဈေး တက်လာရခြင်းသာ ဖြစ်သည်ဟု ဦးအောင်သန်းဦးက သုံးသပ်သည်။
လက်ရှိ ပြည်တွင်း၌ တစ်နှစ်လျှင် မိုးစပါး စိုက်ပျိုး ဧက ၁၇ သန်းနှင့်
နွေစပါး စိုက်ပျိုးဧက လေးသန်းခန့် စိုက်ပျိုးလျက် ရှိပြီး နှစ်စဉ် ပျမ်းမျှ
စပါးတင်း သန်း ၁၅၀၀ ခန့် ထွက်ရှိလျက် ရှိကြောင်း၊ ပြည်တွင်းစား
သုံးရန်အတွက် စပါးတင်း သန်း တစ်ထောင်ခန့်သာ လိုအပ်မှုရှိရာ ၂၀၁၃ ခုနှစ်တွင်
သဘာဝ ဘေး အန္တရာယ်ကြောင့် ဆန်စပါး ဆုံးရှုံးမှု ရာခိုင်နှုန်း ၀ ဒသမ ၁
ရာခိုင်နှုန်းခန့်သာ ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ
အသင်းထံမှ သိရသည်။
“ရန်ကုန်ကို မြောင်းမြက ဆန် မရောက်ဘူး။
မရောက်တော့ တခြားမြို့တွေ က ဆန်တွေပါ ဝယ်လိုအား တက်လာပြီး ဈေးတွေ
တက်ကုန်တယ်။ ဆန်ကုန်သည်တွေက ဈေးပိုရတဲ့ နေရာတွေ ဥပမာ-သဘာဝ ဘေး အန္တရာယ်
ဖြစ်တဲ့ နေရာ၊ စသည်ဖြင့် ပို့ကြတယ် ဆိုတော့ ကျန်တဲ့ နေရာတွေ ဆီ မရောက်တော့
ဈေးတွေက တက်ကုန်ရော” ဟု ဘုရင့်နောင် ဆန်ပွဲရုံ လုပ်ငန်းရှင် တစ်ဦးက
လတ်တလော ဖြစ်ပေါ်နေသည့် ဆန်ဈေး မြင့်တက်မှု အပေါ် သုံးသပ်သည်။
ပြည်တွင်း စားသုံးမှု များသော ဖျာပုံ ပေါ်ဆန်း ပေါက်ဈေးသည် တစ်အိတ်လျှင်
ကျပ် ၂၄,၀၀၀ ကျပ် မှ ၂၉,၀၀၀ ကျပ်ခန့် ဈေးပေါက်လျက် ရှိပြီး လေးရက်အတွင်း
တစ်အိတ်လျှင် ကျပ် ငါးရာခန့် ဈေးတက် လာကြောင်း၊ ပြည်ပ ဈေးကွက်
တင်ပို့သည့် ဧည့်မထ အုပ်စုဝင် ဆန် အမျိုးအစားအပေါ် မူတည်၍ ဆန် တစ်အိတ်လျှင်
၁၅,၉၀၀ ကျပ်မှ ၁၈,၈၀၀ ကျပ် ဈေးဖြင့် ရောင်းဝယ်လျက် ရှိကြောင်း
ရန်ကုန်မြို့တော် ဝါးတန်း ဆန်ဈေးကွက် အတွင်းမှ သိရသည်။
လတ်တလော
ဖြစ်ပေါ်နေသည့် ဆန်ဈေး မြင့်တက်နေမှုကို ထိန်းညှိနိုင် ရန် မြန်မာနိုင်ငံ
ဆန်ကုန်သည်များ အသင်းနှင့် ပြည်ပပို့ ဆန် ကုမ္ပဏီများ ပူးပေါင်း၍ ဆန်အိတ်
ခြောက်သောင်းကို ကာလပေါက်ဈေး အောက် ၅ ရာခိုင်နှုန်းခန့် လျှော့ချ
ရောင်းချလျက် ရှိကြောင်း အဆိုပါ မြန်မာနိုင်ငံ ဆန်ကုန်သည် အသင်းထံမှ
သိရသည်။
နိုင်ငံတကာ ဆန်ဈေးကွက်သို့ မြန်မာနိုင်ငံမှ ပြီးခဲ့သည့်
၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် တန် ၅ ဒသမ ၇၁၄ သိန်း၊ ၂၀၁၁-၂၀၁၃ ဘဏ္ဍာနှစ်တွင် တန် ၆
ဒသမ ၁၈၈ သိန်းနှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်က တန် ၁၄ သိန်းနီးပါး ဆန်
တင်ပို့ခဲ့ကြောင်း အဆိုပါ ဆန်ကုန်သည်များ အသင်း၏ စာရင်းအရ သိရသည်။
ဆွတ်ရိန်
The Voice Weekly

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...