Pages

Monday, August 5, 2013

တလွဲဆံပင်ကောင်းနေသော ရွှေမြန်မာတို့


မနေ့ညနေက မြန်မာလိဂ်ဖိုင်နယ်ကို စောင့်ကြည့်အားပေးခဲ့ပါတယ်။
ပင်နယ်တီပေးတဲ့အပေါ် အိမ်ရှင်ပရိသတ်ရဲ့ တုန့်ပြန်မှုက အတော်ရှက်ဖို့ ကောင်းပါတယ်။

ဒီနေရာမှာ လုံခြုံရေးမရှိတာကိုထောက်ပြတာတွေ ရှိပါတယ်။ ဒါပေမယ့် ကိုယ်ကိုကိုယ်လေးစားတတ်တဲ့ လူမျိုး၊ စည်းကမ်းရှိတဲ့လူမျိုးအတွက် လုံခြုံရေးရှိခြင်း၊ မရှိခြင်းဟာ ပြဿနာမဟုတ်ဘူးလို့ထင် ပါတယ်။ ဘောလုံးပွဲတစ်ပွဲမှာ ရဲတပ်ရင်းတစ်ရင်းလောက် လုံခြုံရေးယူမှ အေးအေးဆေးဆေးပြီး တယ်ဆိုရင်လည်း ကျွန်တော်တို့ စိတ်ဓာတ်အဆင့်အတန်းက သိတ်မဟုတ်သေးပါဘူး။

တစ်ချို့ကလည်း ဖြတ်သန်းခဲ့ရတဲ့စနစ်ကြောင့်ဆိုပြီးလည်းပြောကြပါတယ်။ ကျွန်တော်ကတော့ ကိုယ်သိက္ခာ ကိုကိုယ်လေးစားတတ်တဲ့ လူဟာ ဘယ်စနစ်၊ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ထိန်းသိမ်းနိုင်တယ်လို့ ယုံကြည်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကတော့ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ မိန့်ခွန်းမှာ ဘောလုံးပွဲရှုံးရင် လူချတတ်တဲ့ အကျင့်ကို ပြောပြီး ဗမာတွေဟာ စိတ်ထက်တယ်ဆိုပြီး တလွဲဆံပင်ကောင်းနေတယ်လို့ ပယ်ပယ်နယ်နယ် သ တိပေး ခဲ့ပါတယ်။

အခုတော့ လူချရုံတင်မဟုတ်တော့ဘူး၊ ခုံတွေရိုက်ချိုးပစ်တဲ့အဆင့်၊ အကြမ်းဖက်တဲ့ အဆင့်ရောက်လာပါပြီ။ တစ်ခါကလည်း နိုင်ငံတကာပွဲမှာ အဲဒီလို ဖြစ်ခဲ့လို့ အရှက်တကွဲ အရေးယူခံခဲ့ရပြီးပြီ။

မကြာခင် အရှေ့တောင်အာရှ အားကစားပွဲကျင်းပပါတော့မယ်။ ကိုယ့်အသင်းရှုံးတိုင်း ဒီပုံစံနဲ့ သာတုန့်ပြန်မယ်ဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံတကာအားကစားပွဲတွေကျင်းပ ခွင့်ပိတ်ခံရတာမျိုး၊ ဟိုတစ်ချိန်က ဥရောပပွဲတွေမှာ အင်္ဂလန်အသင်းပရိသတ် လိုက်ပါအားပေးခွင့်ပိတ်ခံရတာမျိုးတွေကြုံဖို့ အလှမ်းမဝေးတော့ပါဘူး။

လူတစ်ဦးချင်းရဲ့စည်းကမ်းလိုက်နာမှု၊ ကွင်းအတွင်းဝင်ရောက်လာသူတွေကို အရက်၊ ဘီယာယူဆောင်ခွင့်မပြုတာအပါအ၀င် ကွင်းတွင်းစည်းကမ်းထိန်းသိမ်းမှု၊ အော်ဟစ် ဆဲရေးရမ်းကားသူများကို စောင့်ကြည့်အရေးယူမှု စတာတွေကို စနစ်တကျလုပ်ဆောင် ဖို့ အချိန်ရောက်ပြီလို့ထင်ပါတယ်။

အားလုံးရဲ့ အခြေခံကတော့ တစ်ဦးချင်းစည်းကမ်းရှိမှု၊ တာဝန်သိမှုပါပဲ။ အဲဒါကပဲ အခက်ခဲဆုံးအလုပ်ဖြစ်နေတာကလည်း ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် စိတ်မကောင်းစရာပါ။


From:Ye Htut (ပြန်ကြားရေး ဒုဝန်ကြီး )

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...