Pages

Friday, August 23, 2013

ဖောက်ခွဲရေးသမား သတင်းကြောင့် မြိတ်တွင် ရပ်/ကျေးအဆင့်အထိ လုံခြုံရေးချ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းသို့ ရေကြောင်းမှ တစ်ဆင့် ဖောက်ခွဲရေးသမားသုံးဦး ရောက်လာမည်ဟူသည့် သတင်းကြောင့် မြိတ်ခရိုင်အတွင်းရှိ ကျေးရွာများအထိ လုံခြုံရေးအဆင့် မြှင့်တင်ထားကြောင်း သက်ဆိုင်ရာ တာဝန်ကျ ရဲအရာရှိများထံမှ သိရသည်။

အဆိုပါသတင်းကြောင့် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်ကစပြီး လုံခြုံရေးအထူး ဆောင်ရွက်ရန်အတွက် ဖောက်ခွဲရေးသမားဟု သတင်းရထားသည့် သူများ၏ အမည်နှင့်တကွ ဓာတ်ပုံများကို တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များကိုပါ ပေးပို့ဝေငှထားကြောင်း ရဲအရာရှိများက ပြောသည်။

သြဂုတ်လ ၁၇ ရက်နေ့မှ စတင်ကာ မြိတ်ခရိုင်အတွင်းရှိ နေရာအများအပြား တွင် လုံခြုံရေး တိုးမြှင့်ချထားလျက်ရှိပြီး ၂၄ နာရီ အချိန်ပြည့် စောင့်ကြပ်နေရကြောင်း တာဝန်ကျ ရဲအရာရှိများက ရှင်းပြသည်။

မြိတ်ခရိုင် တနင်္သာရီမြို့တွင်လည်း နေ့ကင်း၊ ညကင်းများဖြင့် အလှည့်ကျ လုံခြုံရေး တိုးမြှင့်ထားပြီး ကျေးရွာများတွင်လည်း သက်ဆိုင်ရာ ရပ်မိရပ်ဖများနှင့် ပူးပေါင်းပြီး လုံခြုံရေး တိုးမြှင့်ထားကြောင်း တနင်္သာရီမြို့မှ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ပြောသည်။

“ရေလမ်းက ဝင်လာမယ်လို့ သတင်းရထားတော့ ကမ်းနားဘက်မှာ ပိုပြီး စောင့်ကြည့်တယ်။ ရွာတွေမှာ ရပ်မိရပ်ဖတွေ၊ မီးသတ်တွေ၊ ပြည်သူ့စစ်တွေက လက်နက်အပြည့် အစုံနဲ့ စောင့်ကြည့်နေတယ်” ဟု အထက်ပါဝန်ထမ်းက ပြောကြားသည်။

အဆိုပါ သတင်းကြောင့် မြို့တွင်းမြို့ပြင် စောင့်ကြည့် စစ်ဆေးမှုများကို ဆက်တိုက်ပြုလုပ်နေရပြီး လုံခြုံရေးတာဝန် ဆောင်ရွက်ရမည့် ရက်အကန့်အသတ်ကို မပြောနိုင်သေးဟု မြိတ်မြို့အဝင်အထွက် စစ်ဆေးနေသည့် တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

“ကောလာဟလ သတင်းတွေက အမျိုးမျိုး ထွက်နေတာပါပဲ” ဟု အထက်ပါ ရဲအရာရှိက ဆိုသည်။ အကြမ်းဖက် ဖောက်ခွဲရေးသမားများဟု သက်ဆိုင်ရာက ထုတ်ပြန်ထားသည့်သူ သုံးဦးအနက် တစ်ဦးမှာ ယခင် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ယခုထိုင်းနိုင်ငံသား တစ်ဦးအဖြစ် ခံယူသည့် မာမတ် (ခ)သိန်းအောင်ဖြစ်ကာ မြန်မာနိုင်ငံတွင် ၁၂ နှစ်သားအထိ နေထိုင်ခဲ့ဖူးကြောင်း၊ မြန်မာ စကားကိုလည်း ကောင်းမွန်စွာ ပြောတတ်ကြောင်း ဖော်ပြသည်။

ဒုတိယမြောက် တစ်ဦးဖြစ်သည့် အာဇက်မှာ အင်ဒိုနီးရှားနိုင်ငံသားဖြစ်ပြီး မြန်မာစကားကိုလည်း ကောင်းစွာ ပြော ဆိုနိုင်ကြောင်း ဖော်ပြထားသည်။

တတိယတစ်ဦးဖြစ်သည့် ယူနွတ် (ခ) လှမြင့်မှာ ရခိုင်ပြည်နယ် ဇာတိတစ်ဦးဖြစ်ပြီး ယခု ထိုင်းနိုင်ငံသားတစ်ဦးအဖြစ် ခံယူထားကာ မြန်မာစကားကိုလည်း ကောင်းမွန်စွာ ပြောဆိုနိုင်သူ ဖြစ်သည်ဟု သက်ဆိုင်ရာက ဖြန့်ဝေထားသည့် ဓာတ်ပုံနှင့် စာအရ သိရသည်။
  Photo: ေ
        
Dawei Watch
From : ..the voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...