ကုလသမဂ္ဂ
ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO) က တစ်ကမ္ဘာလုံးရှိ လည်ပတ်ရန်
အကောင်းဆုံး နေရာများတွင် တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထားရသော ရွှေတိဂုံ
စေတီတော်မြတ်ကြီးသို့ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ရှစ်လတာ ကာလအတွင်း
နိုင်ငံခြားသား ခရီးသွား ၂၆၉,၈၅၁ ဦး ဝင်ရောက်ခဲ့ကြောင်း စေတီတော်
ဂေါပကအဖွဲ့ ထုတ်ပြန်ချက်မှ သိရသည်။
နိုင်ငံ၏ တိုးတက်ပြောင်းလဲလာသော ခေတ်စနစ်များကြောင့် ပြည်ပခရီးသွား
ဝင်ရောက်မှု ပိုမိုများပြားလာခြင်း ဖြစ်ပြီး ပြီးခဲ့သည့်နှစ် အလားတူကာလထက်
၂၉ ရာခိုင်နှုန်းထိ မြင့်တက်လာကြောင်း စေတီဝက်ဘ်ဆိုက်မှ တစ်ဆင့် The Voice ၏
မေးမြန်းချက်ကို ဖြေကြားသည်။
နိုင်ငံခြားသား ဧည့်သည် လာရောက်
လည်ပတ်မှုသည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ၁၉၂,၅၃၁ ဦး လာရောက်
လည်ပတ်ခဲ့ပြီး ယခုနှစ် အလားတူ ကာလအတွင်း ခရီးသွားဦးရေ ၂၆၉,၈၅၁ ဦး လာရောက်
လည်ပတ်ခဲ့ကြောင်း စေတီဂေါပကအဖွဲ့ ထုတ်ပြန်ချက်မှ သိရသည်။
နိုင်ငံခြားသားဦးရေ တိုးတက်လာခြင်းကြောင့် ရွှေတိဂုံ စေတီတော်မြတ်ကြီး၌
ခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စေရန် တောင်ဘက်မုခ်တွင်
ဓာတ်လှေကားသစ်နှစ်စီး တည်ဆောက်ပေးလျက်ရှိပြီး နိုင်ငံခြားသား
ခရီးသည်များအတွက် စေတီသမိုင်း လက်ကမ်းစာစောင်များနှင့်
လမ်းညွှန်မြေပုံများကို အခမဲ့ပေးသွားမည် ဖြစ်ကြောင်း ယင်းစေတီဂေါပကအဖွဲ့က
ထုတ်ပြန်ထားသည်။
နိုင်ငံခြားသား ခရီးသွားဦးရေ လည်ပတ်မှုသည်
ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ဦးရေ အများဆုံးအဖြစ် ထိုင်းနိုင်ငံသား
၄၅,၂၈၂ ဦး လာရောက် လည်ပတ်ခဲ့ပြီး အနည်းဆုံးမှာ နိုက်ဂျီးရီးယား
နိုင်ငံသားများ ဖြစ်ကြောင်း စေတီတော် ဝက်ဘ်ဆိုက် ထုတ်ပြန်ချက်မှ သိရသည်။
ရွှေတိဂုံ စေတီတော်တွင် အောက်တိုဘာလ ၁ ရက်နေ့ စတင်ကာ နိုင်ငံခြားသားတစ်ဦး
ဝင်ကြေးကို အမေရိကန် ၅ ဒေါ်လာ မှ ၈ ဒေါ်လာသို့ တိုးမြှင့်ကောက်ခံတော့မည်
ဖြစ်သည်။
From :
..the voice

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...