Pages

Wednesday, July 10, 2013

ရခိုင်ပြည်နယ် ပဋိပက္ခများတွင် ပြစ်မှု ကျူးလွန်သူ ၅၀၀ကျော် ပြစ်ဒဏ်ချ



    ရန်ကုန်၊ ဇူလိုင် ၉

    နောက်ကွယ်တွင် ကြိုးကိုင်သူများ ရှိနေသည်ဟု ဆိုသည့် ရခိုင်ပြည်နယ် ပဋိပက္ခများတွင် ပြစ်မှု ကျူးလွန်ခဲ့သူ ၅၀၀ ကျော်ကို ပြစ်ဒဏ် ချမှတ်ထားပြီး ၆၀၀ ကျော်ကို ဆက်လက် စစ်ဆေးနေကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြောကြားသည်။

    ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ရခိုင်ပြည်နယ် ခရီးစဉ်အပြီးတွင် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယ ဝန်ကြီးများနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့က နိုင်ငံတကာ သံတမန်များ၊ အဖွဲ့အစည်းများနှင့် ရန်ကုန်မြို့တော်ရှိ နိုင်ငံခြားရေး ဝန်ကြီး ဌာန ရုံးတွင် ဇူလိုင်လ ၉ရက်နေ့က တွေ့ဆုံ ရှင်းလင်းစဉ် ၎င်းက ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

    ရခိုင်ပြည်နယ်တွင် နှစ်ကြိမ် ဆက်တိုက် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ တွင် ပြစ်မှု ကျူးလွန်ခဲ့သည်ဟု ဆိုကာ အမှုပေါင်း ၂၉၅မှုဖြင့် လူ ၁၁၈၉ ဦး ကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းအနက် အမှုပေါင်း ၁၉၅ မှုတွင် ပြစ်မှု ကျူးလွန်ခဲ့သူ ၅၀၇ ဦးကို ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ဖြစ်ကြောင်း၊ ကျန်အမှုပေါင်း ၄၅ မှုတွင် ပြစ်မှု ကျူးလွန်ခဲ့သူဟု ဆိုသူ ၆၆၂ ဦးကို ဆက်လက် စစ်ဆေး အရေးယူနေကြောင်း ဗိုလ်မှူးကြီး ထိန်လင်းက ဆိုသည်။

    ပြစ်မှု ကျူးလွန်ခဲ့သူများတွင် ဘင်္ဂါလီလူမျိုး အများစု ပါဝင်ကြောင်း ၎င်းက ထပ်မံ ပြောဆိုသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည့် သာမန် ပြစ်မှုမှတစ်ဆင့် ပဋိပက္ခ အသွင် ကူးပြောင်းသွားခြင်းဖြစ်ပြီး ပဋိပက္ခဖြစ်အောင် လူ့အဖွဲ့အစည်း နှစ်ဖက်လုံးတွင် လှုံ့ဆော်သူများ ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်း ထုတ်ပြန်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဦးလှသိန်းက ပြောကြားသည်။

    ရခိုင်ပြည်နယ်ရှိ ရခိုင်နှင့် ဘင်္ဂါလီ လူ့အဖွဲ့အစည်း နှစ်ခုကြား ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ရေး အတွက် အပြန်အလှန် နားလည်မှု တည်ဆောက်ရေး၊ ပြန်လည် နေရာချထားရေး၊ အလုပ်အကိုင်များ ဖန်တီးပေးရေး စသည့် လူမှုရေး၊ စီးပွားရေး၊ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း၊ လူ့အဖွဲ့အစည်း နှစ်ခုလုံးတွင် ရှိသည့် စိတ် ဒဏ်ရာများကို အချိန်ယူကာ ကုစားပေးသွားရမည်ဖြစ်ကြောင်း စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ဆိုသည်။

    ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၃ မြို့နယ်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး မြို့နယ်ပေါင်း ၁၁ မြို့နယ်တွင် ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ကို ထုတ်ပြန်ထားသည်။

    ရခိုင်ပြည်နယ်တွင် နှစ်ကြိမ် ဆက်တိုက် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် လူပေါင်း ၁၉၀ ကျော် သေဆုံးပြီး တစ်သိန်းကျော် အိုးမဲ့၊ အိမ်မဲ့ ဒုက္ခရောက် ခဲ့ကြသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...