Pages

Sunday, August 18, 2013

သမ္မတ၏ မတင်းသေးသော နောက်ထပ် ဝက်အူရစ်


အစိုးရသက်တမ်း ထက်ဝက်ကျိုးချိန် ဝက်အူနောက်တစ်ရစ် ထပ်တင်းရန် သမ္မတ ဦးသိန်းစိန်က ကြိုးပမ်း
လာသည်။
ပြုပြင်ပြောင်းလဲရေး ကာလအတွင်း ဌာနအချို့သည် လုပ်ပိုင်ခွင့်ကို အသေ ဆုပ်ကိုင်ထားပြီး တိုင်းဒေသ
ကြီးနှင့် ပြည်နယ်များသို့ လုပ်ပိုင်ခွင့်ခွဲဝေပေးမှု မရှိကြောင်း ဦးသိန်းစိန်က ထုတ်ဖော်ပြောဆိုလိုက်သည်။

အခြေခံဥပဒေအရ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး ပြည်နယ်အဆင့် ဟူ၍ ဥပဒေပြုရေး၊ အုပ်ချုပ်
ရေးနှင့် တရားစီရင်ရေး တို့ကို ပိုင်းခြားသတ်မှတ်ခဲ့သော်လည်း အဆိုပါကဏ္ဍ သုံးရပ်လုံးမှာ ပြည်ထောင်စု
အဆင့်တွင်သာ အတန်ငယ် ပြောင်းလဲပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင် မည်ကာမတ္တဆိုသည့်
အနေအထားမှ လွန်မြောက်နိုင်ခြင်း မရှိသေးကြောင်း သုံးသပ်သူများရှိသည်။

ရှင်းရှင်းလင်းလင်းဆိုရသော် အစိုးရ နှစ်ရပ် စီမံခန့်ခွဲခွင့် အာဏာခွဲဝေအုပ်ချုပ် နေသည်ကို တိတိပပနား
လည်ခြင်းမရှိ သေးသည့်သဘော၊ သက်ဆိုင်ရာ ပြည်နယ် နှင့်တိုင်းဒေသကြီး အစိုးရဌာနများသည် ပြည်
ထောင်စု အဖွဲ့အစည်းများ၏ လက်အောက်ခံ မဟုတ်ကြောင်း ရှင်းရှင်း လင်းလင်း နှပ်ကြောင်းမကွဲသေး
သည့် သဘော။

ယင်းကြောင့်ပင် အပြောင်းအလဲက လမ်းပေါ်သို့ မရောက်၊ တောကြုံအုံကြားသို့ လည်းမပေါက်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး၏အကျိုးကျေးဇူးကို ပြည်သူလူထုက ခံစားရခြင်းမရှိသေး
ဟု ဆိုခြင်းမှာ အမှန်ပင်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသား ရေးရာ
ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

အဘယ်ကြောင့် ထိုသို့ဖြစ်နေသနည်း။

လွှတ်တော်အရည်အသွေး အားနည်းသလော

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရမှာ အခြေခံဥပဒေက ပေးအပ်ထားသည့် အခွင့်အာဏာများကိုပင်
ပြည့်ပြည့်ဝဝ မရရှိကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်အချို့က ဆို
သည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်နယ်နှင့် တိုင်းများကို ကဏ္ဍရှစ်ခုတွင် လုပ်ပိုင်ခွင့် ပေးထား
သည်။ ကဏ္ဍရှစ်ခုတွင် ကဏ္ဍခွဲပေါင်း ၄၁ ခုပါဝင်သည်။ ယင်းကို ဇယား ၂ ဟု အလွယ်ခေါ်လေ့ရှိ
သည်။

ယင်းကဏ္ဍများကို သက်ဆိုင်ရာ ဒေသန္တရလွှတ်တော် (တိုင်းနှင့်ပြည်နယ် လွှတ်တော်) များက ဥပ
ဒေပြုရပြီး ယင်းဥပဒေနှင့်အညီ ဒေသန္တရ အစိုးရများက စီမံခန့်ခွဲရသည်။ ယင်းကဏ္ဍနှင့် သက်ဆိုင်
ရာ အစိုးရ အုပ်ချုပ်ရေးယန္တရားမှ အရာရှိများ၊ ဝန်ထမ်းများသည် သက်ဆိုင်ရာ ဒေသန္တရအစိုးရများ
ကို တာဝန်ခံရသည်။

သို့သော် တကယ့်အခင်းအကျင်း တွင် ထိုသို့ဖြစ်မနေကြောင်း The Voice က ဆက်သွယ်မေးမြန်း
ခဲ့သော ဒေသန္တရ အစိုးရအဖွဲ့ဝင်များက ပြောဆိုသည်။

တိုင်းဒေသကြီးအတွင်း ရွေးချယ်ခံထားရ သော လွှတ်တော်ကိုယ်စားလှယ် များအနက် ထက်ဝက်
ခန့်မှာ အစိုးရအဖွဲ့အတွင်း ရောက်ရှိသွားပြီး ကျန်ရှိသည့် အရေအတွက်ဖြင့် တိုင်းဒေသကြီးတစ်ခု
လုံး၏ အချက် အလက်များ၊ လိုအပ်ချက်များကို လေ့လာစုဆောင်းရန် များစွာခက်ခဲသွား ကြောင်း
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးထင်အောင်ကျော်က အပတ်စဉ်ထုတ် တနင်္သာရီ
သတင်းစာနှင့် အင်တာဗျူးတွင် ပြောဆိုသည်။

"လွှတ်တော်အမတ်တွေရဲ့ အရည်အသွေးက အဲဒီလောက်မရှိဘူး။ ကျွန်တော် ကိုယ်တိုင်လည်း မ
ရှိဘူး" ဟု ၄င်းက ဆိုသည်။

သို့သော် တစ်ခုတည်းမဟုတ် အားလုံးနီးနီး ထိုနည်းလည်းကောင်း ဖြစ်နိုင်သည်။

ဒေသန္တရဥပဒေနှင့် ဘဏ္ဍာငွေ ရသုံးမှန်းခြေ ဥပဒေများအပါအဝင် မွန်ပြည်နယ်လွှတ်တော်တွင်
ဥပဒေကိုးခု ဝန်းကျင်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁၂ ခု စသည်ဖြင့် ပြုကြပြီးဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားချက်အရ ကဏ္ဍကြီးရှစ်ခုမှ ကဏ္ဍပေါင်း ၄၀ ကျော်တွင်
ဥပဒေပြုခွင့်ရှိထားရာ ယင်းသို့သော ဥပဒေပြုမှု ပမာဏသည် မဖြစ်စလောက် ဖြစ်နေသေး
ကြောင်း လေ့လာသုံးသပ်ကြသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အစိုး
ရများ၏ အာဏာ သုံးရပ်ခွဲဝေမှုတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၌ လွန်စွာအားနည်းနေ
ခြင်းမှာ ဆိုင်ရာဒေသ လွှတ်တော်များ၏ အရည်အသွေးလိုအပ်ချက်နှင့် ဒေသ လွှတ်တော်ရုံးအ
ဖွဲ့၏ ဆောင်ရွက်ချက်များက အဓိကဖြစ်ကြောင်း ဦးဇော်အေးမောင်က သုံးသပ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ အားနည်းသည်မှာ မှန်သော်လည်း လွှတ်တော်ကိုယ်
စားလှယ်များသည် ဥပဒေပညာရှင်များ မဟုတ်သည့်အတွက် အချိန်ပေးရန် လိုအပ်ကြောင်း၊
ပြည်ထောင်စု လွှတ်တော်တွင်ပင် လွှတ်တော်သက်တမ်း တစ်ဝက်ကာလအတွင်း ဥပဒေပြုနိုင်မှု
မှာ ၁၈ ရာခိုင်နှုန်းသာ ရှိသဖြင့် နှိုင်းယှဉ်ကြည့် သင့်ကြောင်း ရှမ်းပြည်နယ်သတ္တုတွင်း ဝန်ကြီး ဦး
စိုင်းအိုက်ပေါင်းက ရှင်းပြသည်။

"ဇယား ၂ အထဲမှာ ပါတဲ့အပိုင်း အားလုံးကို ကျန်တဲ့ လ ၃၀ အတွင်း ပြီးပြတ်အောင် ဥပဒေပြဋ္ဌာန်း
နိုင်ဖို့ ကြိုးစားမယ်။ ဥပဒေအကြံပေးအဖွဲ့ ဖွဲ့နိုင်အောင် လွှတ်တော်ထဲမှာ တင်မယ်။ မြန်မြန်ဆန်
ဆန် ဥပဒေ ပြဋ္ဌာန်းနိုင်အောင် လုပ်မယ်" ဟု ဦးစိုင်းအိုက်ပေါင်း က ထုတ်ဖော်ပြောကြားသည်။

တိုင်းဒေသကြီး လွှတ်တော်ရုံးအဖွဲ့သည် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တင်
သွင်းလာသည့် မေးခွန်း၊ အဆိုနှင့် ဥပဒေကြမ်းအများစုကို အကြောင်းအမျိုးမျိုး ဖြင့် ပယ်ချမှုများ
ကြောင့်လည်း လွှတ်တော်ကဏ္ဍမှာ ပီပြင်မှုမရှိတော့ကြောင်း ဦးဇော်အေးမောင်က ထုတ်ဖော်
ပြောကြား သည်။

"ရုံးအဖွဲ့တက်လာသမျှ အဆိုတွေ၊ ဥပဒေကြမ်းတွေကို အလုပ်ရှုပ်တယ်ဆိုပြီး လက်မခံချင်တဲ့
သဘော ဖြစ်နေတယ်။ အဓိက ခေါက်ရိုးကျိုးနေတဲ့ သဘောပေါ့။ ဒို့တာဝန်အရေးသုံးပါးကို မ
ထိခိုက်ရင် အားလုံးခွင့်ပြုရမယ်။ မဟုတ်ဘဲ အထက်က မကြိုက်မှာစိုးလို့ အကုန်ပယ်ချနေတော့
ပြုပြင်ပြောင်းလဲရေး အောက်ခြေလူထုအထိ သက်ရောက်ဖို့ အကြီးအမားဆုံး အဟန့် အတား
ဖြစ်တယ်။ အဲဒီအဖွဲ့က မရှိသင့်ဘူး" ဟု ၄င်းကမှတ်ချက်ပြုသည်။

နောက်ထပ်စဉ်းစားဖွယ်ရာမှာ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များ နည်ပါးလွန်းသည့်ကိစ္စ ဖြ
စ်သည်။

ဦးစောသန်းမြင့်ကမူ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဇယား ၅ ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်
များက ကောက်ခံပိုင်ခွင့် ရှိသည့် သစ်တောဆိုင်ရာ အခွန်တစ်ခုနှင့် ပတ်သက်၍ အောက်ပါအတိုင်း
မှတ်ချက်ပေးသည်။

ကျွန်းနဲ့သစ်မာမှအပ ကျန်ရှိသည့် သစ်များကို လုပ်ပိုင်ခွင့်ရှိကြောင်း ယင်းတွင် ဖော်ပြထားသဖြင့်
သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရကို မေးမြန်းရာ ပြည်နယ်အစိုးရ အနေနှင့် ဝါးထုတ်ကုန်နှင့်
ပတ်သက်၍ လုပ်ပိုင်ခွင့်ရှိသည်ဟု ပြန်လည် ဖြေကြားခဲ့ကြောင်း ၄င်းကရှင်းပြသည်။
"တော်တော်ရယ်စရာ မကောင်းဘူး လားဗျ" ဟု သူကဆိုသည်။

လုပ်ပိုင်ခွင့်အာဏာ

ဥပဒေပြုရေးတွင် ဗဟိုအဆင့် ချုပ်ကိုင်မှု များလွန်းနေပြီး တိုင်းဒေသကြီး ပြည်နယ်အဆင့်တွင် လုပ်
ပိုင်ခွင့် မည်မည်ရရ မရှိကြောင်း၊ အစိုးရအုပ်ချုပ်ရေး ၂ နှစ်ခွဲ ကာလအတွင်း ထင်ရှားသည့် အပြောင်း
အလဲ မတွေ့မြင်ရသေးကြောင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်အချို့၏ မှတ်ချက်မှာ
သမ္မတဦးသိန်းစိန်နှင့် ၄င်း၏ အစိုးရအဖွဲ့တို့အတွက် အထူးစဉ်းစားဖွယ် ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များသည် လုပ်ပိုင်ခွင့်မရှိဟု အားလုံးက ခံစားနေရပြီး ဝန်ထမ်း
များသည်လည်း ပြည်နယ်အစိုးရ အဖွဲ့ဝင်များကို ၄င်းတို့၏ အကြီးအကဲအဖြစ် အသိအမှတ် မပြုလို
ကြောင်း ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များကို ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ဆောက်လုပ်ရေး
စသည့် လုပ်ပိုင်ခွင့်များ အပြည့်အဝပေးအပ်ရန် လိုအပ်ပြီး ပြည်သူ လူထုနှင့် တိုက်ရိုက်ထိတွေ့နေ
သည့် ရပ်ကွက် ကျေးရွာအဆင့်မှသည် ခရိုင်အဆင့်အထိ တာဝန်ယူနေသည့် အုပ်ချုပ်ရေးမှူးများ
က ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဦးဇော်အေးမောင်က ထောက်ပြသည်။

"အာဏာမသက်ရောက်ရင် အုပ်ချုပ်ရေးယန္တရား မလည်ပတ်ဘူး။ အဲဒီတော့ အိုးနင်းခွက်နင်းဖြစ်ရော"
ဟု ဦးဇော်အေးမောင်ကဆိုသည်။

ဦးစိုင်းအိုက်ပေါင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ၏
ဘဏ္ဍာရေးမှူးဟောင်း ဦးစောသန်းမြင့်ကမူ ယင်းကိစ္စကို ထောက်ခံသည်။

"မလုပ်နိုင်တာ မဟုတ်ဘူး။ လုပ်ပိုင်ခွင့်ကို မရှိတာ" ဟု တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ
၏ အခန်းကဏ္ဍကို ၄င်းကရှင်းပြသည်။

နိုင်ငံတော်သမ္မတက ဌာနဆိုင်ရာ များကို ပြည်ထောင်စုဝန်ကြီးဌာနများက တိုက်ရိုက်ကြီးကြပ်မှုမ
ပြုဘဲ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများ၏ စီမံခန့်ခွဲမှု အောက်တွင်ထားရှိရန် ညွှန်ကြားထား
ပြီး နောက်ပိုင်းစီမံခန့်ခွဲရေးတွင် ပိုမိုအဆင်ပြေ လာကြောင်း ဦးစိုင်းအိုက်ပေါင်း အပါအဝင် အခြား
အစိုးရအဖွဲ့ဝင် များက ဆိုသည်။

"အရင်ကတည်းက ဒီလိုလုပ်လာတာပါပဲ။ လုပ်ပိုင်ခွင့်ပိုပေးတော့ ပိုပြီး သွက်သွက်လက်လက် လုပ်
လို့ရတာပေါ့" ဟု တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ဆိုသည်။

အစိုးရယန္တရားကို ဗဟိုအဆင့်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်သို့ ကူးပြောင်း ရာတွင် ရုံးခန်း
နေရာ အခက်အခဲ မှ အစပြု၍ လက်တွေ့ကျသည့် အခက်အခဲ များစွာရှိပြီး ယင်းအနေအထားကို ဗ
ဟိုအစိုးရ နှင့် ဒေသအစိုးရတို့အကြား ညှိနှိုင်းဆောင်ရွက် နေရကြောင်း ဒေါက်တာဇော်ဦးက ရှင်း
ပြသည်။

မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်တွင် အုပ်ချုပ်ရေးကဏ္ဍကို ဗဟိုကသာ တိုက်ရိုက်ကိုင်တွယ်ခဲ့
သဖြင့် ယခုဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ ပေါ်ထွက်လာ
သောအခါ အုပ်ချုပ်ရေးစနစ်နှင့် လုပ်ထုံး လုပ်နည်းများ စနစ်ဟောင်းမှ စနစ်သစ်သို့ ကူးပြောင်း
နေရသဖြင့် အချိန်ယူရန်လိုအပ်ကြောင်း ဒေါက်တာဇော်ဦးက ရှင်းပြသည်။

"တိုင်းဒေသကြီးမှာရှိတဲ့ ဝန်ထမ်းတွေဟာ တိုင်းဒေသကြီးရဲ့ စီမံခန့်ခွဲမှု အောက်မှာပဲ ရှိရမယ်။
ဝန်ထမ်းတွေကို ဒေသအစိုးရက Rewards and Penalty ပေးပိုင်ခွင့်ရှိရမယ်။ ဒါမှ အာဏာအပြည့်
အဝ သက်ရောက်မယ်" ဟု ဦးဇော်အေးမောင်က ဆိုသည်။

အကယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး များက လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ ရရှိမည်ဆိုပါက
ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် ပဋိပက္ခများမှာ ပေါ်ပေါက်လာဖွယ် မရှိ
ကြောင်း၊ အခွင့်အာဏာ အပြည့်အဝရှိသည့် ဒေသအစိုးရ များက ကောင်းစွာထိန်းချုပ်နိုင်မည်ဟု
ယူဆကြောင်း ဦးစောသန်းမြင့်ဆိုသည်။

"အစိုးရသစ်လက်ထက် ရောက်မှ တချို့နေရာတွေ ပိုဆိုးသွားတာရှိတယ်" ဟု ရခိုင်ပြည်နယ်
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က မှတ်ချက်ပြုသည်။

ပြုပြင်ပြောင်းလဲမှုများသည် ဥပဒေ တစ်ခု၊ အမိန့်အာဏာတစ်ခု ပြောင်းလဲ ထုတ်ပြန်ရုံဖြင့် မပြီး
ကြောင်း၊ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းအသီးသီး လုပ်ငန်း ဆောင်ရွက်မှုများ မပီပြင်ရခြင်း
မှာ ဗဟို အစိုးရက ခွင့်မပြု၍ မဟုတ်ဘဲ လုပ်ခွင့် ပေးထားသည်ကို အောက်ခြေက ဖြစ်မြောက်
အောင် ဆောင်ရွက်နိုင်ခြင်း မရှိ၍ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေး အဖွဲ့
ဝင် ဒေါက်တာဇော်ဦးက သုံးသပ်သည်။

"သမ္မတကြီးရဲ့ မိန့်ခွန်းထဲမှာရော ကျန်တဲ့ခေါင်းဆောင်တွေ ပြောပြောနေကြတဲ့ Mind-set ဆိုတဲ့
ကိစ္စ၊ အဲဒါ အလုပ်တစ်ခုကို ရေရှည်လုပ်ခဲ့ရတဲ့ အနေအထားမှာ အကျင့်တွေက စွဲနေတာ။ စွဲနေတဲ့
အကျင့်တွေကို ပိုပြီးကောင်းတဲ့ အလေ့အကျင့် ဖြစ်လာအောင် လုပ်ဖို့ဆိုတာ အချိန် ယူရတယ်။ အ
ခက်အခဲနဲ့ စိန်ခေါ်မှုတွေက အဲ့ဒါပဲ" ဟု ဒေါက်တာဇော်ဦးကဆိုသည်။

ထပ်မံ၍ အသစ်ဖြစ်ပေါ်လာသည့် ဥပဒေ၊ မူဘောင်များအရ လက်တွေ့ လုပ်ငန်းစဉ်များကို အ
ကောင်အထည် ဖော်ရမည့် ဝန်ထမ်းများကို ပြုပြင် ပြောင်းလဲရေးမှာ ဒုတိယစိန်ခေါ်မှုဖြစ် ကြောင်း
၎င်းက ထုတ်ဖော်ပြောကြားသည်။

သို့သော် ဗဟိုချုပ်ကိုင်မှုကို ဖြေလျှော့ကာ ဒေသအစိုးရများ၏ လုပ်ပိုင်ခွင့် ပိုမိုရရှိရန် အတွက် အ
ခြေခံဥပဒေတွင် အသေးစိတ် ဖော်ပြထားခြင်း မရှိသဖြင့် ညှိနှိုင်းဆောင်ရွက်နေရကြောင်း ၄င်းက
ဆိုသည်။

တပ်မတော်အစိုးရက ရေးဆွဲခဲ့သော အငြင်းပွားဖွယ်ရာ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအရ ကဏ္ဍရှစ်ခု
လုပ်ပိုင်ခွင့်ကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်၊ အစိုးရများသို့ ပေးအပ်
ထားသည်။ ယင်းသည် မဖြစ်စလောက် ဖြစ်သဖြင့် ယင်းအချက်များကို တိုးချဲ့ရန် အပါအဝင်
တိုင်းဒေသကြီးနှင့် ပြည်နယ်များကို လုပ်ပိုင်ခွင့်ပိုပေးရမည့် ဖက်ဒရယ်စနစ် အကောင်အထည်
ဖော်ရန် လွှတ်တော် ပြင်ပတွင် လပေါင်းများစွာကတည်းက ဆွေးနွေးနေပြီဖြစ်သည်။

သို့သော် လက်ငင်းရရှိထားသည့် လုပ်ပိုင်ခွင့်များပင်လျှင် မရသေး။ ရှင်းရှင်း ဆိုရသော် သမ္မတဦး
သိန်းစိန်၏ ပြုပြင် ပြောင်းလဲရေး နောက်ထပ်ဝက်အူရစ်မှာ မတင်းသေး။

ယင်းကို မွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေအရ ပြီးခဲ့သည့်နှစ်လခန့် ကတည်းက သံဖြူဇရပ်
မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက် ခံထားရသော ဦးမင်း
လတ်၏ အောက်ပါပြောစကားက သက်သေခံနေသည်။

"အခုထိ အလုပ်မလုပ်ရသေးဘူး။ ဌာနဆိုင်ရာတွေက သူတို့နေရာ ဖယ်ပေးရမှာ ကြောက်နေတယ်"

ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၂

  • တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်း
  • ဘဏ္ဍာရေးနှင့်စီမံကိန်းကဏ္ဍ
  • စီးပွားရေးကဏ္ဍ
  • စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ
  • စွမ်းအင်၊ လျှင်စစ်၊ သတ္တုနှင့် သစ်တောကဏ္ဍ
  • စက်မှုလက်မှုကဏ္ဍ
  • ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကဏ္ဍ
  • လူမှုရေးကဏ္ဍ
  • စီမံခန့်ခွဲရေးကဏ္ဍ


(Reported by နော်ကိုကို၊ Written by ခွန်းသု)

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...