ပြည်သူ့အသံကို ကိုယ်တိုင်နားထောင်လို၍
တက္ကစီကားမောင်းခဲ့သည့်
နော်ဝေးဝန်ကြီးချုပ် ပြည်သူလူထုနှင့်
ရင်းရင်းနှီးနှီး ထိတွေ့ စကားပြောခွင့် ရရန်အတွက် နော်ဝေးနိုင်ငံ
ဝန်ကြီးချုပ် ဂျန်စတိုလ်တန်ဘာ့ဂ် အနေဖြင့် ။ အော်စလိုမြို့တော်တွင်း၌
ဝန်ကြီးချုပ်
အနေဖြင့် တစ်ရက်တာ နေ့လယ်ခင်းအချိန်တွင်တက္ကစီတစ်စင်းကိုလှည့်ပတ်
မောင်းနှင်ကာမဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
စတိုလ်တန်ဘာ့ဂ်က
တက္ကစီပေါ်တွင် ကားသမားနှင့် ခရီးသည် အပြန်အလှန်
ပြောဆိုမှုသည် ပြည်သူများ၏ စစ်မှန်သော ဆန္ဒကို အမှန်တကယ် ဖော်ထုတ်နိုင်သည့်
နေရာတစ်ခုဟု ယုံကြည်ခြင်းကြောင့် ယခုအစီအစဉ်ကို လက်တွေ့ ရွေးချယ်ခဲ့ခြင်း
ဖြစ်သည်။
ဇွန်လအတွင်းက နေကာမျက်မှန် တပ်ထားပြီး အော်စလို တက္ကစီ
ယာဉ်မောင်းများ၏ ယူနီဖောင်းကို ဝတ်ဆင်ထားသည့် ဝန်ကြီးချုပ်သည်
ပြည်သူများနှင့် အပြန်အလှန် စကားပြောဆိုခဲ့သည်။ ထိုအခြေအနေကို
ကားထဲတွင် လျှို့ဝှက်တပ်ဆင်ထားသည့် ကင်မရာဖြင့် မှတ်တမ်းတင်ထားပြီး
ယခုအခါမှ ဝန်ကြီးချုပ်က ဖော်ထုတ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ အချို့သော
ခရီးသည်များကမူ ၎င်းကို မှတ်မိသွားသဖြင့် ရယ်မော နောက်ပြောင်နေ
သည်ကိုလည်း
တွေ့ရသည်။ မည်သို့ပင်ဖြစ်စေ၊ ခရီးဆုံးတွင် ကားခမယူ
သည်ကို
သိရှိသည့်နောက် ဝန်ကြီးချုပ်ကိုယ်တိုင် ကားမောင်းနေမှန်း ခရီးသည်အားလုံး
သိရှိခွင့်ရခဲ့ကြသည်။
နော်ဝေးရှိ ကြော်ငြာကုမ္ပဏီ တစ်ခုက ပါဝင်ကူညီသည့် အဆိုပါ အစီအစဉ်၏
ဗီဒီယိုမှတ်တမ်းကို ဝန်ကြီးချုပ်၏ Facebook စာမျက်နှာတွင် လွှင့်တင်ခဲ့သည်။
အဆိုပါ ဗီဒီယိုသည် စက်တင်ဘာလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက်
အကြိုလှုပ်ရှားမှုများတွင်လည်း အသုံးပြုသွားရန် ရည်ရွယ်ထားသည်။ "အော်စလိုမှာ
ကျွန်တော်က လူသိများတဲ့သူပါ။ ဒါပေမဲ့လည်း ယာဉ်မောင်း ထိုင်ခုံနဲ့
ကွယ်ထားတော့ ရုတ်တရက် မမှတ်မိကြဘူးလေ။ပြည်သူတွေ တကယ်တမ်း ဘာတွေတွေးခေါ်နေတယ်
ဆိုတာကို သိရဖို့က ကျွန်တော့်အတွက် အရေးကြီးပါတယ်"ဟု ၎င်းက ဆိုသည်။
ခရီးသည်များနှင့် ၎င်းတို့ကြား ပြောဆိုဆွေးနွေးမှုတွင် တစ်ဦးက ဝန်ကြီးချုပ်
အား "ဒီနေရာမှာတော့ ရှင့်အတွေးအခေါ်က စတိုလ်တန်ဘာ့ဂ်နဲ့ တော်တော်
တူတာပဲ"ဟု ပြောဆိုသွားသည်ကိုလည်း တွေ့ရသည်။ ဝန်ကြီးချုပ်က ခရီးသည်
တစ်ဦးနှင့် ပညာရေးကဏ္ဍကို ဆွေးနွေးရာ၎င်းက"အရေးကြီးတာကတကယ်ထူးချွန်တဲ့
ကျောင်းသူကျောင်းသားတွေကို စီစစ် မြှင့်တင်ပေးဖို့ပဲ။ သူတို့အတွက်
ပိုကောင်းတဲ့ ထောက်ပံ့မှုတွေ ဖြစ်လာဖို့က
လောလောဆယ် အကျပ်တွေ့နေတုန်းပဲ"ဟု အကြံပြုသွားသည်။ ဝန်ကြီးချုပ်ခမျာ
အခြားအချိန်များတွင် VIPယာဉ်တန်းတွင် နောက်ခန်းမှ ခန့်ခန့်ညားညား
ထိုင်လိုက်လေ့ ရှိသော်လည်း ကိုယ်တိုင်ကားမောင်းချိန်တွင် အမှားအယွင်း
အနည်းငယ် ရှိသဖြင့် ပြစ်တင်ခံလိုက်ရသေးသည်။
အော်တိုဂီယာ
တပ်ဆင်ထားသော တက္ကစီကားတွင် ကလပ်ခ်ျနှင့် ဘရိတ်တို့ အမှတ်မှားနေခြင်းကြောင့်
အတန်ငယ် ပြဿနာ ကြုံခဲ့ကြောင်း စတိုလ်တန်ဘာ့ဂ်က ဝန်ခံခဲ့သည်။ ၎င်းသည်
(၈)နှစ်လုံးလုံး
ကားမမောင်းဖြစ်ခဲ့ဟုလည်းဝန်ကြီးချုပ်ကဖွင့်ဟခဲ့သည်။စတိုလ်တန်ဘာ့ဂ်သည်
နော်ဝေးနိုင်ငံရေးလောကတွင် ထင်ရှားသူ တစ်ဦးဖြစ်သော်လည်း
လာမည့်ရွေးကောက်ပွဲတွင် အတိုက်အခံတို့၏ ကြီးမားသော စိန်ခေါ်မှုနှင့်
ရင်ဆိုင်ရလိမ့်မည်ဟု လေ့လာသူများက သုံးသပ်ထားသည်။
သတင်းထောက်
တစ်ဦးက ယခုကိစ္စနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ အရေးနိမ့်ပါက တက္ကစီမောင်းရန်
ဆန္ဒရှိမရှိ ကျီစယ်မေးမြန်းခဲ့ပြီး စတိုလ်တန်ဘာ့ဂ်ကလည်း " နော်ဝေးနိုင်ငံရဲ့
တက္ကစီစနစ်က ခရီးသည်တွေ
အတွက် ကောင်းကောင်း ဝန်ဆောင်မှု ပေးနေနိုင်ပါတယ်။ ဒါက ကျွန်တော်
ဝန်ကြီးချုပ် လုပ်နေလို့ပါ။ တက္ကစီ
ဒရိုင်ဗာလုပ်ဖြစ်ရင်တော့အဲဒီလိုမဖြစ်လောက်တော့ဘူး"ဟုရယ်ရယ်မောမော
ဖြေကြားသွားခဲ့သည်။
Planet Myanmar Network

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...