သွေးရူးသွေးတမ်းတွေ
ငါ့ဆီက မမျှော်လင့်ပါနဲ့တော့ ။
မင်းနှလုံးသားဆီ
အရောက်လာဖို့အတွက်
အခက်ခဲဆုံးလမ်းကို
ရွေးချယ်ခဲ့သမို့
ငါဟာ
စစ်သူကြီး ဟန်နီဘောလည်း ဟုတ်ရဲ့။
မစိုက်ပျိုးရသေးတဲ့
မျိုးစေ့တွေကို စောင့်ရှောက်သလိုမျိုး
ဘဝရဲ့ တန်ဖိုးတွေကို သယ်ဆောင်ပြီး
ငါရောက်လာခဲ့ပေါ့။
အမှန်တရားရဲ့နောက်
ဒုတိယမြောက်ကျဆုံးသူဟာ ငါပါ။
ဒိုင်နိုဆောတွေ
ဘာကြောင့်မျိုးတုံးခဲ့ရတယ်ဆိုတာကို
လူတွေ အငြင်းပွားနေရသလိုမျိုးပေါ့လေ ။
ကမ္ဘာမြေပေါ်က
မသိမှုအားလုံးကို တင်စားဖို့
ငါ့ကို မွေးဖွားခဲ့သတဲ့ ။
တကယ့်ကို
ပါးပါးလွှာလွှာလေး လွဲချော်ခဲ့တာပါ
ဒါနဲ့ပဲ တို့ တစ်ဘဝလုံး ဝေးခဲ့ကြရ။
အနာဂတ်ဟာ
ဘယ်တော့်မှ ငါ့ဆီကိုရောက်မလာနိုင်တော့ဘူး
ငါ့အချစ်ဟာ
လူ့သမိုင်းရဲ့
ဘယ်လိုခေတ်မျိုးမှာမှ
အစားထိုးလို့မရတဲ့
ကောင်းကင်ဆန်မှု မျိုးပါ။
စက်ဝိုင်းလို ပျံသန်းနေတဲ့
အချိန်တွေရဲ့ လောင်ကျွမ်းခြင်းထဲမှာ
မရေရာတဲ့ တန်ဖိုးတွေအတွက်
မရေရာတဲ့ ဘဝတွေကို ပေးဆပ်ရင်း
မင်းနဲ့ငါ ဝေးကြရပြီလား ။
မခိုင်မာတဲ့ထိပ်ဖျားပေါ်မှာ
ပြောင်းပြန်လှန်ပြီး စိုက်ထားတဲ့
ပိရမစ်ကြီးတစ်ခုလို
တစ်ဘိုင်းဘိုင်းလဲကျ
သုညကို စက်ဝိုင်းနဲ့ လွဲမှားခဲ့သူပါ။
ဇာတ်သိမ်းခန်းမှာတော့
ပင်လယ်ကမ်းခြေအတုတစ်ခုမှာ
ရမ်ပုလင်း အစစ်တစ်လုံးကို
မော့သောက်ပစ်လိုက်ရဲ့ ။ ။
ပိုင်စိုးဝေ
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...