သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, October 23, 2014

ဘုရားပွဲနဲ့ မော်ဒယ်ဂဲလ် (သတိပြုဆင်ခြင်ဖွယ်ရာ)

ဆရာရေ မြန်မာပြည်မှာ ဒါမျိုးကြီးတွေ တရားဝင် လုပ်လို့ရနေပြီလားဟင်လို့ နံနက်ခင်း တစ်ခုမှာ အတူ လက်ဖက်ရည်ဆိုင် ထိုင်ဘက် ဘော်ဒါကြီး တစ်ယောက်က အင်တာနက် ဖွင့်ထားတဲ့ သူ့ဖုန်း လာထိုးပြတယ်။ ဖတ်လိုက်တော့ စတီးရောင် ပြောင်လက်လက် တိုင်တစ်လုံး ကိုင်ပြီး ပတ်ကနေတဲ့ မြန်မာပြည်က Sexy အကျဆုံးလို့ နာမည်ကြီးတဲ့ မော်ဒယ်ဂဲလ် သုံးယောက် ပုံတွေ ထိပ်ဆုံးကပါတဲ့ သတင်း တစ်ပိုဒ်။


မသိရင် ဟောလီးဝုဒ် ရုပ်ရှင်ပြကွက် တစ်ခုလား ထင်ရတယ်။ အရင်က မိသားစုနဲ့ အတူဆိုရင် ရစ်ကြည့်ရတတ်တဲ့ အခန်းမျိုးထဲ ပါတယ်။ ခုများတော့ မြန်မာပြည်က ဟိုတယ် တစ်ခုထဲမှာ တရားဝင် လုပ်ပြသတဲ့။

ဒီလောက်ဆိုရင် ဆရာကျတဲ့ သူတွေ ဒက်ခနဲ သိလောက်ပါပြီ။ ဘေးနားထိုင်နေတဲ့ လုပ်ငန်းရှင် ပေါက်စလေးက ထအော်တယ်။ ဇွန်ရယ် ဇာရယ် ကဗျာရယ် ပေါင်းလုပ်တဲ့ပွဲ၊ လက်မှတ် တစ်စောင် အနည်းဆုံး တစ်သောင်း ကစတယ်။ VIP က တစ်စောင် ခြောက်သောင်း၊ VVIP က ခုနစ်သောင်း နဲ့ VVVIP လက်မှတ် ကတော့ တစ်စောင် ကိုးသောင်းတဲ့။

သတင်း ဖတ်ကြည့် လိုက်တော့ သူပြောတဲ့ နှုန်းတွေက ကွက်တိ။ သိလှချေလား ဧကန္တ တစ်ယောက်တည်း ကြိတ်သွားအားပေး ထားပြီနဲ့ တူတယ်လို့ သူ့ကို ၀ိုင်းစကြရင်း သတင်းဆုံးအောင် ဆက်ဖတ်ရတယ်။

အောက်တိုဘာလ (၁) ရက်နေ့ ကတည်းက ရှစ်မိုင် လမ်းဆုံနားက ဟိုတယ် ရန်ကုန်ဝင်းထဲ ရှိတဲ့ VIP Bar မှာလုပ်ခဲ့တဲ့ Dance For Life Party ဆိုတဲ့ ပါတီပွဲ အကြောင်းကို ပြောတာပါ။ သတင်း တက်လာတဲ့ရက်က အတော် နောက်ကျတယ်။ အွန်လိုင်းမှာ Sexy Model တွေလို့ နာမည်ကြီးတဲ့ မော်ဒယ် သုံးယောက်ကို Sexy Model လို့ခေါ်တဲ့ အကမျိုးတွေ ကပြ ဖျော်ဖြေခိုင်းပြီး HIV/AIDS ဝေဒနာရှင်တွေ အတွက် ရန်ပုံငွေ ရှာပေးကြတာတဲ့။

( HIV က အကျိုးပြုတာလည်း ရှိသား)။ ဒါပေမဲ့ တကယ် ကပွဲလည်း လုပ်ခွင့်ရလို့ လုပ်လည်း ပြီးရော ပွဲစီစဉ်သူမှာ ၀င်ငွေက မမြတ်ဘဲ နည်းနည်း ရှုံးသတဲ့။ ရှုံးပေမယ့် မပူနဲ့ နောက်ထပ်ကို ထပ်အရှုံးခံပြီး လှူပေးမှာပါတဲ့။

ဒီတော့ စောစောက လုပ်ငန်းရှင် လေးကပဲ ဒီလိုပွဲမျိုး မြန်မာပြည်မှာ ဖြစ်စေချင်လွန်း လို့ကို အကုန်အကျခံ လုပ်ပေးသလားလို့ ပြောပါတယ်။ သိတော့ဘူးကွယ်။ မြန်မာပြည်မှာ ဖြစ်နေတာတချို့ တစ်ခါတလေ လိုက်မမီလို့ မောင်မြတ် မှတ်ချက် မပေးချင်ဘူး။ အဲလို တိုင်ပတ်ကတာ မျိုးရှိမှ တစ်စုံတစ်ရာ ခေတ်မီတဲ့ နိုင်ငံအဖြစ် အသိအမှတ် ပြုခံရမယ် ဆိုတဲ့ သတ်မှတ်ချက် ရှိနေလို့လားမသိ။ ထားပါတော့။

အံမယ် ကိုယ်တွေကသာ ရှုတ်ချချင်သလို ပြောနေတာ သူတို့က အဲဒီ Dance for Life Party ဆိုတာတောင် မူပိုင်ခွင့်တွေ ဘာတွေ တရားဝင် တောင်းသုံးတာဆိုပဲ။ ဒီနေရာမှာတော့ ဂီတသမား တချို့ထက်တောင် သာသွားပြီ။ သူတို့ ခွေခိုး ကူးတာတော့ တလကြမ်း ဖမ်းခိုင်းပြီး သူတို့က နိုင်ငံခြားကဟာ ကူးချတာတော့ Copy is right လို့ မပြောရုံတမယ် ခပ်တည်တည် လုပ်တာ မဟုတ်ဘူးပဲ။

မဆိုင်တာတွေ ထည့် ပြောမိပြန်ပြီ။ Sexy ဘက်ပဲ ပြန်သွားရအောင်။ စောစောက သတင်း (ဧရာဝတီ ဘလော့ဂ်) ထဲမှာ Art အကတွေကို အနုပညာ ဖျော်ဖြေမှု တစ်ခုလို့ပဲ မြင်စေချင်တယ်။ Sexy ကို Sex ကိစ္စနဲ့ ရောထွေးပြီး မမြင်စေချင်ဘူး။ Sex ဆိုတာ အမှန်တကယ်တော့ Art တစ်ခု ပါပဲဆိုတဲ့ ပါတီပွဲလာ တစ်ယောက် ပြောတာကိုလည်း ဖတ်ရတယ်။

အဲဒီအခါ တစ်လောက နာမည်ကြီးခဲ့တဲ့ ရိုမန်းဘော့တ်ကြီးကိုသာ ပြေးသတိ ရမိတော့တာပါပဲ။ သူ့တုန်းကလည်း အဲဒီ သဘောမျိုး ဆင်ခြေ ပေးခဲ့တာလေ။ ဟုတ်တော့ ဟုတ်နေပြီ။ Sexy ဆိုတာ အဘိဓာန်ထဲ လှန်ကြည့်လို့ လိင်နှင့် စပ်ဆိုင်သောဆိုတဲ့ အနက်ကို ရှောင်ချင်ရင်၊ ညှို့ငင် ဖမ်းစားနိုင်သောလို့ လှလှပပ အဓိပ္ပာယ် ဖွင့်ကောင်း ဖွင့်နိုင်ပါလိမ့်မယ်။

ညှို့တာပဲဗျာ၊ မြန်မာ ဆိုတော့ မြန်မာ ဆန်ဆန် သနပ်ခါး ပဲကြားလေး လူးရင်စေ့ အင်္ကျီနဲ့ ထမီတိုတို ခြေသလုံးပေါ်အောင် ၀တ်ရင်း ရေအိုးလေး ခါးစောင်းတင် မခို့တရို့နဲ့ နွဲ့ပြ လိုက်ရင်လည်း Sexy ဖြစ်သွားတာပါပဲ။ ဘယ့်နှယ် လည်သာ အတိုအပြတ်တွေ ၀တ်ပြီး တိုင်ဖက် ကပြမှပဲ Sexy ထင်တယ် ဆိုရင်တော့ လုပ်ချင်လည်း လုပ်ကြ မမြင်ကွယ်ရာမှာ ကိုယ်ချင်း ကိုယ်ချင်း ဂွတ်တယ်ထင် ဒူးသာဒူး။ ဒါပေမဲ့ လူအများ သိရင်တော့ အပြောခံရမှာပဲ။

လက်ဖက်ရည်ဆိုင်မှာ အချင်းချင်း အဲဒီလို ဝေဖန် လေကန်ခဲ့ကြရင်း နောက် တစ်ရက်ခြားပြီးမှ စောစောက ညီလေးနဲ့ မနက်ဘက် ပြန်ဆုံ ဖြစ်တယ်။ တွေ့တွေ့ခြင်းပဲ သူက ““အစ်ကိုရေ တကယ်တော့ ကျွန်တော်က သာမန် မော်ဒယ် ရှိုးပွဲတွေတောင် တီဗွီမှာ လာတာလောက်ပဲ မြင်ဖူးတာနော်။ ပြီးခဲ့တဲ့ ညကတော့ အစ်ကို့ညီ တစ်ပြားမှ မပေးရဘဲ ရှိုးပွဲတွေကော ဒန့်စ်တွေပါ အတော်လေး အနီးကပ် ကြည့်ခဲ့ရတယ်။

အတူပါသွားတဲ့ ကျွန်တော့် တပည့် ချာတိတ်တွေ ဆိုတာ လက်ခုပ်သံ တဖျောင်းဖျောင်းနဲ့။ အဲဒါလေး ကြည့်ကျက်ပြီး ရေးသင့် ရေးပါဦး အစ်ကိုရေ။ ဘာလို့လဲ ဆိုတော့ ကာလသားတွေ အရမ်းကြိုက်တဲ့ အဲဒီ မော်ဒယ်ရှိုးကို ကျွန်တော် ကြည့်ခဲ့ရတာ ဘုရားပွဲမှာ မို့လို့ပါ””လို့ ပြောပါတော့တယ်။

ဒီတော့ မောင်မြတ်က ခပ်အေး အေးပါပဲ။ အခုလို အင်တာနက် ခေတ် မရောက်ခင်ကိုက မြန်မာပြည်က ဘုရားပွဲတွေ မှာကတဲ့ ဇာတ်/အငြိမ့်/ ပဒေသာ ကပွဲတွေမှာ စတိတ်ရှိုးတို့ တေးသရုပ်ဖော်တို့ ပါနေပြီး၊ တချို့ အဲဒီ အစီအစဉ်တွေမှာ ဟိုမရောက် ဒီမရောက်နဲ့ သောင်းကျန်း သရုပ်ပျက် တတ်ကြတာ ထူးဆန်းတာမှ မဟုတ် တော့တာလို့ တွေးမိလို့ပါ။

အခု မော်ဒယ်ရှိုး အပြင် ဟိုလိုလို ဒီလိုလို ဒန့်စ်တွေလည်း ခေတ်စားလာပြီး ရိုးရာ သင်္ကြန်မှာတောင် ထိန်းရ ခက်နေတော့ အဲဒီရှိုးနဲ့ ဒန့်စ်တွေကို ဇာတ်စင် အငြိမ့်စင် တွေပေါ်မှာ ရှေ့ပိုင်း ပရိသတ်ခေါ်တဲ့ မားကက်တင်း နည်းဗျူဟာ အဖြစ် တစ်စိတ် တစ်ပိုင်း သုံးတယ် ဆိုလည်း မဆန်းဘူးလေ။ ဒါပေမဲ့ လက်တွေ့ မြင်လာရတဲ့ သူပြောပုံက တစ်မျိုး ဖြစ်နေလေရဲ့။

““ရင်ပြင်တော်ကို ကျောပေးပြီး သံပန်းအုတ်ဘောင် နံရံနိမ့်နိမ့်လေးပဲ ခြားတဲ့ နေရာမှာ စတိတ်စင်လေးထိုးပြီး အဲဒီပေါ်မှာ ရှိုးလျှောက် ပြတာကော၊ ဒီဂျေတီးလုံး သီချင်းမြူးမြူး တွေနဲ့ ဒန့်စ်ကတာတွေပါ လုပ်နေတာ အစ်ကိုရဲ့ အတိုအပြတ်တွေနဲ့ ကလပ်ထဲက ဒီဇိုင်းမျိုး ကပြ တာတောင်ပါ လိုက်သေးတယ်။ ဘုရားစေတီကြီးနဲ့ လက်တစ်ကမ်းမှ တကယ့် လက်တစ်ကမ်းလေးပါ အစ်ကိုရယ်။ ကျွန်တော်လည်း ယောက်ျား ဆိုတော့ ဒါမျိုး အလကား လာပြလို့ ကတော့ သိပ်ကြည့်တာပေါ့။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ရွှေရောင်ဝင်းနေတဲ့ ဘုရားကြီး တစ်ဆူ အနားကပ်ပြီး အဲဒီလို ရှိုးပွဲ လုပ်ပြ နေတာတော့ ဘယ်လိုမှ ခံစားကြည့်လို့ မရခဲ့ဘူး””။

ဒီတော့မှ မောင်မြတ်လည်း သူ့ဆီက အင်ဖော်မေးရှင်းတွေ အတိအကျ ယူရတယ်။ လိုကေးရှင်းက အိမ်နဲ့ မဝေးလှတာမို့ အဲဒီည ထမင်းစားပြီး (၇) နာရီကျော်တော့ အော့ဗ်ဇပ်ဗေး ရှင်းထွက်ခဲ့ ပါလေရော။ အဲဒါက (၆.၁၀.၂၀၁၄) နေ့ည။ နေရာက တောင်ဥက္ကလာပထဲက သံသုမာ လမ်းမကြီးဘေး သစ္စာလမ်းထောင့် အနီး န၀တခေတ်မှာ တည်ထားခဲ့တဲ့ ဥက္ကလာပ စေတီတော် ပရ၀ဏ်။

သီတင်းကျွတ် အမီ ဘုရား ပွဲတော် လုပ်နေတာ ဆိုတော့ ထုံးစံအတိုင်း ဈေးသည်မျိုးစုံနဲ့ ချား ရဟတ်တွေကော အပျော် ကစားနိုင်တဲ့ အစီအစဉ် တွေကော စည်ကား နေပါတယ်။ ဟိုးတုန်းကလို ကြည့်ချင် ပွဲအစီအစဉ် ရယ်လို့တော့ မတွေ့မိ။ ဒီခေတ်က ကိုယ့်အိမ်မှာပဲ ကြည့်ချင်စရာ တီဗွီ ပရိုဂရမ်တွေရယ်၊ အရမ်းဈေးပေါတဲ့ အချပ်တွေလည်း လွယ်လွယ် ၀ယ်ရ နိုင်သေးတဲ့ အပြင် ဖုန်း/ ကွန်ပျူတာ တက်ဘ်လက်များနဲ့ပါ အပန်းဖြေ ကြည့်စရာ အနန္တဆိုတော့ ဘုရားပွဲက သာမန် ကြည့်ချင်ပွဲတို့ ဘာတို့ အလုပ် မဖြစ်တော့ဘူးပေါ့။

ဒါကြောင့် ထင်ရဲ့။ တခြား ဘာကြည့်ချင်ပွဲမှ မတွေ့ရဘဲ ရင်ပြင်တော် အပြင်ဘက် ကွန်ကရိ ပတ်လမ်းဘေး တစ်နေရာမှာ တန်ဆောင်း တစ်ခုနဲ့ ကပ်လို့ စတိတ် စင်ပေါက်စလေး တစ်ခုကို မီးမောင်းတွေ ဆောင်းဘောက်စ်တွေ နဲ့အတူ တွေ့လိုက်ရတယ်။ သိလိုက်ပြီ၊ ဒါရှိုးပွဲ နေရာပဲ ဆိုတာ။

တန်ဆောင်း လေးထောင့်မှာ ယာယီ လိုက်ကာလေးတွေ ကာလို့ မော်ဒယ် ကိုကို မမလေးတွေလို့ သိသာသူ တစ်စု ပြင်ဆင် နေတာလည်း တွေ့ရတယ်။ အနားမှာပဲ ဒီဂျေစက်တွေ ဘာတွေလည်း ဆင်ထားတယ်။ ပွဲမစသေးလို့ ပရိသတ်တော့ မရှိလှသေးဘူး။ ရင်ပြင်တော်ထဲ ၀င်ကြည့် တော့လည်း လူခပ်ကျဲကျဲပဲ။ အများဆုံး ရောက်နေတာက ဈေးတန်း၊ အပျော် ကစားနည်းနဲ့ ချားရဟတ်တွေ ရှိတဲ့ နေရာတွေမှာပါ။ သိပ်မကြာ ဘူး။

မော်ဒယ်ရှိုးပွဲ စတော့မယ့် ဆိုတာနဲ့ စတိတ်စင်လေးနား လူအုပ်ကြီး ဖြစ်သွားတယ်။ အဲဒီအချိန် မောင်မြတ်က ရင်ပြင်တော် တစ်ဖက်ခြမ်း ရောက်နေလို့ သူတို့ ရှိုးနားရောက်အောင် ပတ်လမ်းကနေ မနည်းပြန် တိုးသွားရတယ်။ မကျယ်လှတဲ့ စင်လေးပေါ် မှာတော့ မော်ဒယ်လို့ဆိုတဲ့ ဆယ်ကျော်သက် ကျားမ လေးငါးယောက် လျှောက်ပြ နေကြပါပြီ။

ပရိသတ် ကလည်း လူငယ်တွေ အများစုပေါ့။ ဘောင်းဘီတိုလေးနဲ့ မော်ဒယ်မလေး တစ်ယောက်ကို နာမည်ပါ ခေါ်ပြီး အထူး အားပေးနေ ကြလေရဲ့။ အုပ်စုလိုက်ကော တစ်ယောက်ချင်းပါ လျှောက်ပြီးတော့ စုံတွဲ တေးသရုပ်ဖော် ပုံစံလာလေရဲ့။ နာမည်ခေါ် အားပေးခံရတဲ့ ဘောင်းဘီ တိုမလေးနဲ့ အဘိုးကြီး ပုံစံ ၀တ်ထားတဲ့ ပြောင်ချော်ချော် မော်ဒယ်ဘွိုင်း တစ်ယောက် တွဲသရုပ်ဖော်တာ။

သီချင်းက ဒရမ်ဘိသံ တဒိန်းဒိန်း၊ ဘေ့စ်သံတွေ ဟိန်းလို့ မောင်မြတ် နားထဲ အထပ်ထပ် ကြားမိတဲ့ စာသား ကတော့ ဘူးသီး နုနု မခူးရဆိုပဲ။ မခူးရသာ ဆိုတယ်။ ခူးချင်စိတ် မဖြစ်ဖြစ်အောင် အမူအရာမျိုးစုံနဲ့။ ဘူးသီး ထက်ဆိုးတာ ရှိသေးတယ်။ ခပ်မြူးမြူး ဒီဂျေတီးလုံး တစ်မျိုးနဲ့ မမလေး သုံးယောက် ကပြ ဖျော်ဖြေကြတာ။ အမူအရာနဲ့ ကကြိုးကို ရေးမပြရဲပါ။ စားသောက်ဆိုင်ကြီး တချို့က စင်တင် တေးသရုပ်ဖော်ပုံလို့ပဲ ပြောပါရစေ။ အဲဒါကိုပဲ အနုပညာလို့ မြင်ပေးရမှာလား။

အရင် နေ့ကဆိုရင် စင်အောက် လမ်းပေါ်မှာပါ ၀ိုင်းကကြတာ တွေ့ခဲ့ရသတဲ့။ မောင်မြတ် ရောက်တဲ့ ညကတော့ ဒါမျိုး မတွေ့ရဘူး။ ပွဲချိန် သိပ်ရှည်ရင်တော့ ဖြစ်လာ မလားမသိ။ မောင်မြတ် တွေ့တာတော့ ပရိသတ် လူငယ်တွေက အနီးကပ် မြင်ရအောင် ရှေ့ကို အတင်းတိုးပြီး ဖုန်းကင်မရာတွေနဲ့ အောက်က ပင့်ပြီး မှတ်တမ်း ယူနေလိုက်ကြတာ (အွန်လိုင်းပေါ် ရောက်နေပါပြီ)။

မောင်မြတ်လည်း ကိုယ့်ရဲ့တန်ဖိုးမများ ဖုန်းစုတ်လေးနဲ့ မှတ်တမ်း ဓာတ်ပုံတချို့ ရိုက်တယ်။ ခပ်လှမ်းလှမ်းက ဆိုတော့ ဖုန်းကင်မရာ မြင်ကွင်းထဲမှာ စတိတ်စင် နောက်ဘက် ဂရောင်းမှာ။

ဉာဏ်တော် (၁၀၈) ပေမြင့်တဲ့ ဥက္ကလာ စေတီကြီးပုံကလည်း တစ်စိတ် တစ်ပိုင်း ပါနေပါတော့တယ်။ အနှိုင်းမဲ့ မေတ္တာရှင် မြတ်စွာဘုရားကို ဦးထိပ်ထားပြီး ဥက္ကလာပ စေတီတော်ကြီးနဲ့ တကွ ဥက္ကလာပ မင်းကြီးကိုပါ ဥက္ကလာသူ ဥက္ကလာသားတွေ ကိုယ်စား အမှားအယွင်းတွေ ရှိရင် ခွင့်လွှတ် သည်းခံပေးဖို့ စိတ်ထဲက တောင်းပန် လိုက်မိတယ်။

ဟုတ်တယ်လေ။ ဒါမျိုးကို ဒီနေရာမှာ သင့်တော်တယ် ထင်ပြီး ပါမစ် ပေးထားလို့သာ လုပ်ရဲတာ ဆိုတော့ မှားလား မှန်လား ပါမစ်ပေးတဲ့ သူတွေ ဆုံးဖြတ်ထားတာ ရှိမှာပေါ့။ ဒါကြောင့် မတော်တဆ မှားများ မှားနေရင် ခွင့်လွှတ် ပေးပါလို့ ကြားထဲက ၀င်တောင်းပန် ပေးထားရတာ။

ရွှေတိဂုံ စေတီတော်ကြီးရဲ့ ဒါယိကာ-ဥက္ကလာပ မင်းကြီးကို ဂုဏ်ပြုခြင်းလည်း ပါဝင်တယ်လို့ ဖတ်ဖူးတဲ့ န၀တ ခေတ်တည်- ရွှေတိဂုံ ပုံတူ-ဥက္ကလာပ စေတီတော်ကြီး ကတော့ ရွှေရောင်တွေ ၀င်းလက် တောက်ပပြီး၊ တည်တည် ငြိမ်ငြိမ်ပဲ စံပယ်တော်မူလို့ ဘုရား ပွဲခင်းထဲက ငရဲ ပွက်သလို ၀က်ဝက်ကွဲ ဆူညံနေတဲ့ အမျိုးစုံသော သံသေး သံကြောင်တွေကို ဥပေက္ခာ ပြုထားသလိုပါပဲ။ ရှိုးပွဲရဲ့အစီအစဉ်ကို နှစ်ပိုင်းခွဲ လုပ်ပြီး ဒုတိယပိုင်းမှာ မော်ဒယ် မလေးတွေကို ပရိသတ်ထဲက ဆုတက်ပေးတာ စလာချိန်မှာတော့ အစီအစဉ် ပြီးဆုံးပါပြီလို့ ကြေညာပြီး ရှိုးပွဲ ရပ်နားလိုက်တာ အဲဒီနေ့က တွေ့ခဲ့ရတယ်။

နောက်နေ့ လက်ဖက်ရည်ဝိုင်းမှာ အဲဒီ ဘုရားပွဲ ရောက်ခဲ့တဲ့။ တခြား လူငယ်တွေလည်း စားမြုံ့ ပြန်ကြပြီး၊ ဒီလို နေရာမှာတော့ ဒါမျိုး မလုပ်သင့်ဘူးလို့ ပြောကြပါတယ်။ အဲဒီ လူငယ်တွေထဲ နားကွင်း တစ်ဖက် ၀တ်ပြီး တက်တူး ထိုးလို့ ဂျင်းဘောင်းဘီ ထည်လဲ ၀တ်သူတွေလည်း ပါတယ်။ ဒါပေမဲ့ ဒူးနေရာ ဒူး တော်နေရာ တော်ပေါ့လို့ ဆင်ခြင်နိုင်တဲ့ စိတ်လေးတွေ ဒီလူငယ် အများစုမှာ တွေ့ရတာကို အားတက် မိပါတယ်။

တစ်ယောက်က ပြောတယ်။ နယ်ဘုရားပွဲ တချို့မှာလည်း ဒီလိုရှိုးပွဲပါ လုပ်ခွင့် ပေးတာမျိုး တွေ့ဖူးသတဲ့။ ဒါပေမဲ့ ဇာတ်ပွဲတွေလိုပဲ ဘုရား ရင်ပြင်နဲ့ ခပ်ဝေးဝေးမှာ လုပ်တာပါတဲ့။ တန်ဆောင်း သို့မဟုတ် ဇရပ်မှာ အ၀တ်လဲ ခွင့်ပေးလို့ တန်ဆောင်းနဲ့ ကပ်လျက် စင်ထိုး လုပ်တာတော့ သူလည်း အခုမှ မြင်ဖူးတာတဲ့။

နောက်ရက်မှာတော့ အဲဒီရှိုးပွဲ မလုပ်ဘူးလို့ သိရတယ်။ ပြဿနာ တက်ပြီး အရေးယူ ခံရသလိုလိုလည်း သဲ့သဲ့ ကြားတယ်။ ဒီလောက် ဖုန်းတွေ ကင်မရာတွေ အင်မတန် ပေါများပြီး တစ်ခုခု ထူးတာနဲ့ အွန်လိုင်းပေါ် ရုပ်သေ/ရုပ်ရှင်တွေ ချက်ခြင်း ရောက်သွားနိုင်တဲ့ သမယကြီးမှာ ဘုရားနဲ့ ကပ်ပြီး ဒီလိုရှိုးပွဲမျိုး ခွင့်ပြု ပေးခဲ့သူတွေရဲ့သတ္တိကို အံ့သြမိတယ်။ ဒါမှမဟုတ် ဘယ်လောက်အထိ သက်ရောက် နိုင်တယ် ဆိုတာကို ကြိုမမြင်နိုင်လောက် အောင်ပဲ ခေတ်နောက်ကျန် နေတာလား။

ပြီးတော့လည်း ပြီးသွားမှာ ပေါ့လေ။ မူလ ရည်ရွယ်တာက ဘုရားပွဲ ရန်ပုံငွေ အတွက်ဆိုရင် မှားသွားပါတယ်။ နောက် မလုပ်တော့ပါဘူး ဆိုလည်း သတိ ပေးတာလောက် နဲ့ တော်စေ တန်စေပေါ့။ ဟိုတယ်မှာ လုပ်တဲ့ Sexy Dance ကတော့ HIV/AIDS ရန်ပုံငွေ အတွက် ဆိုတော့ နောက်လည်း EIBOLAR အတွက်တို့ ဘာတို့ လိုရင် လုပ်ဦးမလား မဆိုနိုင်ဘူး။

အိမ်နီးချင်း နိုင်ငံ တချို့မှာလည်း ဒီလိုပွဲမျိုးတွေ လုပ်ပြီး ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်ကြတယ်တို့ ဘာတို့ဆိုတဲ့ ပြောသံ တချို့လည်း ကြားရတယ်။ ဒါတော့ သဘော မတူဘူး။ မြန်မာနိုင်ငံက တရားဝင် ပရိုမိုးရှင်း လုပ်နေတာ Sex Tourism မှ မဟုတ်တာကွယ်။ တရားမ၀င် တချို့ ရှိနိုင်ပေမယ့် ရာခိုင်နှုန်း အင်မတန် နည်းပါတယ်။

အခု သူများထက် အရမ်းဈေးကြီး နေပါတယ်ဆို ရင်းကပဲ မြန်မာပြည်ကို အုပ်စုလိုက် Package Tour ကြိုဝယ်ပြီး တိုးရစ်တွေ လာကြတာ ဘာကြောင့်လဲ။ မြန်မာပြည်မှာ သူတို့အတွက် တကယ့်ကို ကြည့်ချင်စရာ သဘာဝအလှနဲ့ ရှုခင်းတွေ၊ ရှေးဟောင်း အမွေအနှစ်တွေနဲ့ လူမှု ဘ၀မျိုးစုံ အများကြီး ရှိနေလို့ပဲ။

ဒီလို စကားလုံးတွေ အစိုးရ သတင်းစာတွေထဲ တွေ့နေကြမို့သာ တစ်မျိုး ထင်ကောင်း ထင်မယ်။ ထိုင်းမှာ နာမည်ကြီးတဲ့ မြဘုရားနဲ့ တခြား ဗုဒ္ဓဘာသာ အမွေအနှစ် ကြည့်စရာဆိုတာ မြန်မာနဲ့ ယှဉ်ရင် နည်းနည်းလေး ဆိုတာ ထိုင်း နေဖူးသူတိုင်း သိတယ်။ ဗီယက်နမ်တို့ ကမ္ဘောဒီးယားတို့ သွားကြည့်လိုက်ဦး။

တကယ်တမ်း မြန်မာ ခရီးသွားသာ တက်လာရင် သူတို့ ကျန်ခဲ့မှာ။ သူတို့ဆီမှာ ရှေးဟောင်း အမွေ အနှစ်ထက် ဖန်တီးထားတဲ့ Tour Site တွေနဲ့ ပါးပါး နပ်နပ် လုပ်စားတတ်လွန်းလို့ သန်းချီ ၀င်နေတာ။ လတ်တလောမှာဆို စရိတ် စက ကလည်း သူတို့က ခရီးသည် အရမ်းသက်သာအောင် ဖန်တီး ပေးထားနိုင်တယ်။

မြန်မာပြည်မှာတော့ (လာသမျှ ဧည့်သည် ၀ိုင်းကာတွယ်) လုပ်နေကြလို့ ဈေးကြီးလွန်းပြီး နောက်လာရမယ့် သူတွေ တွန့်နေတာ။ ဟိုတယ်တွေမှာ တိုင်ပတ် ကတဲ့ Dance တွေ ပါမစ် ပေးထားလိုက်ရင် ခရီးသည် ၀င်လာ လိမ့်မယ်လို့ တွေးချင်တဲ့ ဉာဏ်ကြီးရှင်ရေ။ တစ်ခုပဲ ပြောချင်တယ်။ အဲလိုလုပ်ပြီး ခေါ်ရင် ၀င်တော့ ၀င်လာပါလိမ့်မယ်။ ဒါပေမဲ့ ငှက်ပျောသီးလောက် ပြခေါ်ရင်တော့ အငမ်းမရ ၀င်လာမှာက မျောက်တွေပဲ ဖြစ်မပေါ့လို့။

ဘုရားပွဲများနဲ့ ပတ်သက် လို့တော့ လူစည်စေချင်လို့ မော်ဒယ် ရှိုးပွဲများ ထည့်ချင်သပ ဆိုလည်း ဘုရားစေတီနဲ့ ခပ်ဝေးဝေးမှာ မြန်မာအလှမယ် ရှိုးပွဲလေးများ လုပ်ရင်ကော၊ ကျားကိုက်မှာ စိုးလို့လားဗျာ။ ပရိသတ်က အားမပေးဘူး ထင်သလား။ အွန်လိုင်း လူမှုကွန်ရက် ဖေ့စ်ဘုတ်ခ် ပေါ်မှာကိုပဲ မြန်မာ မော်ဒယ် တချို့ရဲ့ အဖော်ရဲတဲ့ Sexy Design ထက် မြန်မာ ၀တ်စုံလေးနဲ့ တကယ်လှရင် Like တွေ ထောင်သောင်းချီ သွားတာ တွေ့နိုင်ပါတယ်။ ဒါကြောင့် မြန်မာ လူငယ် လူရွယ် အများစုရဲ့ ရင်ထဲ အသည်းထဲမှာ မြန်မာ့ ယဉ်ကျေးမှုကို နှစ်သက် တန်ဖိုးထားတဲ့ စိတ်ရင်း စေတနာလေးတွေ ဒုနဲ့ ဒေးဆိုတာ ယုံကြည် လိုက်ကြပါ။ လက်တွေ့ ဘ၀မှာ ကုမ္ပဏီ အရောင်း ဈေးသည်မို့ သရီးကွာတား ကျပ်ကျပ်လေး ၀တ်ထားရပေမယ့် အားလပ်ရက်မှာ မြန်မာ ၀တ်စုံလေးဝတ်လို့ ဘုရားသွားတဲ့ မြန်မာမလေးတွေ တစ်ပုံကြီး။

ဒီလို သူ့နေရာနဲ့သူ အကန့်လေးတွေ ပိုင်းခြားနိုင်တဲ့ လူငယ် လူရွယ်တွေရဲ့ စိတ်ရင်းတွေကို ဥပေက္ခာပြုလို့ နိုင်ငံတကာ ဆိုတဲ့ ကိစ္စတိုင်းရဲ့ အပေါ်ယံကိုသာ ပုံတူကူးရင်း အများစု ကိုးကွယ်ရာ ဘာသာ သာသနာ နယ်မြေတွေမှာပါ ထင်ရာ စိုင်းကြရင်ဖြင့် တချို့တွေ ကြွေးကျော်သလို အရိုးတွေ နဲ့တောင် စည်းရိုးထိုးဖို့ လှုံ့ဆော် သော်လည်း ဘာထူးမှာလဲလို့ တွေးရင်း အမှတ်ရ နေမိတာက၊ ဘုရားပွဲနဲ့ မော်ဒယ်ရှိုးပွဲ သွားကြည့်မိတဲ့ ညက ပြန်အထွက်၊ ကလေး ကစားကွင်းတွေ ဘက်က ပြန့်လွင့်လာတဲ့ သီချင်းသံ တစ်ပိုင်းတစ်စ၊ (ရှေ့ကကြည့်လည်း မလုံ၊ နောက်က ကြည့်လည်း မလုံ၊ မြန်မာ ဆိုတာ မယုံရေး ချမယုံ) တဲ့။
From: Messenger

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D