သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, May 12, 2013

ကော်ရှူခြင်းဓလေ့ (သို့ မဟုတ်) တရိပ်ရိပ်လှိုက်စားနေသော ရောဂါတစ်ခု


မေလ၄ရက်နေ့ထုတ် The Voice Weeklyဂျာနယ်မှာ ပါခဲ့တဲ့ဆောင်းပါးပါ။
ကော်ရှူတဲ့ကလေးတစ်ယောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ သတင်းနဲ့ ပတ်သက်ပြီး ကော်ရှူခြင်းအကြောင်းကိုသိချင်သူများအတွက်ပြန်တင်ပေးလိုက်ပါတယ်။
သတင်းအားလုံးကို ကိုယ်တိုင်သွားရောက်ရယူထားပါတယ်။

ကော်ရှူခြင်းဓလေ့ (သို့ မဟုတ်) တရိပ်ရိပ်လှိုက်စားနေသော ရောဂါတစ်ခု

အချိန်ကား နွေဥတု၏ ညနေခင်းတစ်ခု။မန္တလေးမြို့ မဟာမုနိဘုရားရင်ပြင်တစ်နေရာရှိ အရိပ်ရသောနေရာတွင် ကလေးတစ်သိုက်ဆော့နေသည်။
အသက်အားဖြင့်မူ ငါးနှစ်ဝန်းကျင်မှသည် ဆယ့်ငါးနှစ်အတွင်း။
သူတို့ ဝတ်ဆင်ထားပုံမှာ နွမ်းနွမ်းယဲ့ယဲ့။
ဆံပင်တို့ ကမူ နီကြောင်ခြောက်ကပ်လျက်။
မျက်နှာလေးများမှာ ပေတူးညစ်ပတ်လျက်ရှိပြီး ချို့ တဲ့နွမ်းပါးပုံက အထင်းသား။
သူတို့ ၏တစ်နေ့ တာလုပ်ငန်းကား ဘုရားဖူးဧည့်သည်များကို အသနားခံပြီး ငွေကြေးတောင်းယူရန်၊
စွန့်ကြဲပေးကမ်းသမျှ စားစရာများရယူရန် နှင့် ပလတ်စတစ်ဘူးခွံ ပုလင်းခွံများကောက်ရန်။
ဘုရားရင်ပြင်၏ ထောင့်တစ်နေရာချောင်ထဲတွင် ဘာသာဘာဝဆော့နေကြသည်။
ပြေးလွှားမြူးတူးနေသော ကလေးတစ်သိုက်ကြားတွင် သေချာကြည့်ပါက အိပ်နေသော သို့မဟုတ် မှိန်းနေသော ကလေးတချို့ ကို တွေ့ ရမည်ဖြစ်သည်။
သူတို့ လက်ထဲတွင်ကား တီဗွီကော်ဟုခေါ်သော TV တံဆိပ်ပါဘူးတစ်ဘူး။
ထိုဘူးကို ရှူလျက် ရှိုက်လျက် မှိန်းနေကြခြင်းဖြစ်သည်။
ဓာတ်ဆီအနံ့ ကဲ့သို့ မွှန်ထူသောအနံ့ ရှိသည့် ထိုကော်ဘူးကို မူးယစ်ဆေးတစ်ခုသဖွယ် အသုံးပြုနေသော ကလေးရာဂဏန်းခန့် ဤမဟာမုနိရင်ပြင်တစ်ဝိုက်တွင်ကျက်စားလျက်ရှိပေသည်။

ထိုသို့ ကော်ဘူးရှူရင်းမှိန်းနေသော ကလေးများထံသို့ အသာချဉ်းကပ်လျက်" မောင်လေး ဘာတွေလုပ်နေသလဲ"ဟု မေးလိုက်သောအခါ အလန့် တကြားနှင့်မျက်လုံးဖွင့်ကြည့်ပြီးနောက် ထပြေးမည်ပြုသော်လည်း မူးနေသောကြောင့်မပြေးသာတော့။
"ဘာမှမလုပ်ပါဘူး သိချင်လို့ မေးရုံတင်ပါ။ ဘယ်သူ့ ကိုမှမတိုင်ပါဘူး "ဟုဆိုကာ ချိုချိုသာသာပြောလေမှ မျက်နှာချင်းဆိုင်စကားပြောခွင့်ရလေသည်။
"အစ်မ ကျွန်တော့်ကို ဘုရားပုလိပ်(ဘုရားလုံခြုံရေးဝန်ထမ်း)နဲ့ တိုင်မလို့ လား"ဟု မယုံသင်္ကာမေးခြင်းခံရသော်လည်း အသင့်ပါလာသော မုန့် များ ချိုချဉ်များ ကျွေးပြီးနောက် ရဲတိုင်ရန်လာခြင်းမဟုတ်ကြောင်း ၊ မေးရန်လာခြင်းသာဖြစ်ကြောင်း စသဖြင့်ပြောမှ ကလေးများကယုံပြီး အနားသို့ ကပ်လာကြလေသည်။

ထိုကော်ဘူးရှူနေသော ကလေးများထဲတွင် မောင်လွင်(အမည်လွဲထားသည်)လည်းတစ်ဦးအပါအဝင်ဖြစ်သည်။
အသက်၁၄နှစ်ဟုဆိုသော်လည်း ရှစ်နှစ်သားလောက်သော ကိုယ်ခန္ဓာနှင့် အာဟာရချို့ တဲ့ပုံပေါ်ပြီး သူ၏ ညီလေးဆိုသော လေးနှစ်သားကလေးလေးကို သူ့ ဘေးတွင်ဖက်ထားလျက် မေးသမျှကို ဖြေလေသည်။
"ကျွန်တော် ဒီရောက်တာ သုံးနှစ်လောက်ရှိပြီ အစ်မ။ အသက်က ၁၄။ ကျောင်းကို လေးတန်းထိနေဖူးတယ်။အဖေကတော့ဆုံးသွားပြီ ။ အမေကတော့ လွန်ခဲ့တဲ့ဆယ်ရက်လောက်ကတင် ကလေးတစ်ယောက်မွေးထားတယ်။ ပထွေးက တမ္ပဝတီမှာ ပန်းရန်လုပ်တယ်။ ပထွေးက ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို မကျွေးလို့ ထွက်ပြီးတောင်းရတာ။ အမေကလေးမွေးတုန်းက ချေးထားတဲ့အကြွေး သုံးသောင်းပေးစရာရှိနေတယ်။ အဲ့ဒါမရှာနိုင်သေးတော့ စိတ်ညစ်လို့ ကော်ရှူပြီး မေ့အောင်လုပ်နေတာ။ တစ်ရက်ကို တစ်ထောင်ကနေ တစ်ထောင့်ငါးရာ ဝန်းကျင်တော့ရတာပဲ။ ကော်ဘူးက တစ်ဘူးကို လေးရာ။ ဘုရားအပြင်ဘက်က ကုန်မာဆိုင်တွေမှာ ဝယ်လို့ ရတယ်။
တစ်ဘူးဆိုရင်တစ်ပတ်လောက်တော့ရှူလို့ ရတယ်။
ကျွန်တော်ရှူချင်လို့ တော့မဟုတ်ဘူး အစ်မ။ ဒါပေမယ့် အဲ့ဒါတစ်ဘူးဝယ်ထားလိုက်ရင် တစ်နေကုန် ဘာမှမစားဘဲလည်းနေလို့ ရတယ်။ စိတ်ညစ်တာတွေလည်းပျောက်တယ်။ ရန်ဖြစ်လို့ တစ်ယောက်ယောက်ကထိုးရင်လည်း နာမှန်းမသိတော့ဘူး။ အဲ့ဒါသုံးနေတဲ့အချိန်ဆို နေလို့ ကောင်းတယ်။အဲ့ဒါကြောင့်မို့ သုံးဖြစ်သွားတာ"ဟု ဖြေလေသည်။

စင်စစ်ထိုကော်ဘူးကား သစ်သားများ၊ရော်ဘာများ ၊ပလတ်စတစ်ပစ္စည်းများကို တွဲကပ်ရာတွင် အသုံးပြုနိုင်ရန်ထုတ်လုပ်ထားသည့် ကော်ဘူးသာဖြစ်သည်။ တစ်ဘူးလျှင် 70 ဂရမ်ပါရှိသော ထိုကော်ဘူးမှာ နို့ ဆီဘူးတစ်ဝက်စာ အရွယ်အစားရှိပြီး အနီရောင်နောက်ခံပေါ်တွင် TV ဟူသော အင်္ဂလိပ်စာလုံးကို အဖြူရောင်ဖြင့်ထင်ထင်ရှားရှားရေးထားသည်။
ဘူးအတွင်းရှိ အဝါညစ်ညစ်ရောင်ကော်များသည် ဓာတ်ဆီအနံ့ နှင့်ဆင်တူသော မွှန်ထူစူးရှသည့် အနံ့ ရှိပြီး အငွေ့ ပျံလွယ်သည်လည်းဖြစ်သည်။ကလေးများသည် ထိုကော်ဘူးကို ရှူရာတွင် ဘူးအဖုံးကို ဖွင့်လျက် နှာဝတွင်တေ့၍ရှူကြပြီး ရှူပြီးလျှင် ဘူးအဖုံးကို ပြန်ပိတ်ထားရသည်။ သို့ မှသာ အငွေ့ ပျံ၍ အမြန်မကုန်လွယ်မည်ဖြစ်သည်။ပုံမှန်အားဖြင့် တစ်ဘူးလျှင် တစ်ပတ်ခန့် ရှူနိုင်ပြီး တချို့ သောကလေးများကမူ တစ်ရက်ထဲနှင့် တစ်ဘူးကုန်အောင်ရှူနိုင်ကြသည်။ထိုသို့  လွန်လွန်ကျွံကျွံကော်ရှူပြီးနောက် ကြောင်သွားခြင်းများ၊ ကယောင်ချောက်ခြားဖြစ်ခြင်းများရှိပြီး ဒုစရိုက်မှုတချို့ ကျူးလွန်ရန်ဝန်မလေးတော့သည်များလည်းရှိသည်။"အဲ့လို ကောင်တွေက ညဘက်ဆို ကွမ်းယာဆိုင်တွေကို ပျဉ်ချပ်ခွာဖောက်ထွင်းပြီး အထဲက ရသမျှပစ္စည်းတွေကို ရောင်းစားကြတာ ရှိတယ် အစ်မ။ အဲ့ကောင်တွေက ရန်ဖြစ်ရမှာလည်း ဝန်မလေးဘူး။ ကော်ရှူထားရင် တစ်ကိုယ်လုံးထုံပြီး နာတာတွေလည်းမသိတော့ဘူးဆိုတော့ သူတို့ ကလာထိုးရင် ကိုယ်ကပဲရှောင်ရတယ်။အသက်က ၁၇၊၁၈လောက်ရှိတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့ ဆီကနေ ကော်ဘူး လာလုတာလည်းရှိတယ်။ "ဟု မောင်လွင်ကပြောသည်။

ထိုကလေးတစ်သိုက်၏ အနီးတွင် ကလေးများကို ထိန်းကျောင်းလျက်ရှိသော အသက်နှစ်ဆယ်အရွယ်ရှိ မမာ(အမည်လွဲ)ကမူ "ကလေးတွေကို ကျွန်မကတော့ ကိုယ့်သားသမီးလို၊မောင်နှမလိုမှတ်ပြီးဆုံးမတာပဲ။ သူတို့ ကော်ရှူတာမြင်ရင် သိမ်းပြီး လွှင့်ပစ်လွန်းလို့ ကို ကျွန်မဆို သူတို့ ကအမြင်မကြည်ဘူး။ ကျွန်မက ဒီမှာ ပလတ်စတစ်ဘူးကောက်ပြီးဒိုင်ပြန်သွင်းတယ်။ ဒီကလေးတွေက တချို့ လည်း မိဘမရှိတော့ဘူး။ တချို့ လည်း မိဘရှိပေမယ့် မိဘကိုယ်တိုင်က ကျွန်မကို ဆုံးမပေးဖို့ ဆိုပြီးလာအပ်ထားတာ ။ ကျွန်မကတော့ ကျွန်မယောက်ျားနဲ့ ကလေးတစ်ယောက်နဲ့ နေတာ။ သူတို့ ကို အမြဲကြည့်ဖို့ လည်းမအားဘူး။ ရှူတာတွေ့ ရင်ကျွန်မကတော့ တားတာပဲ။ ကျွန်မယောက်ျားတောင် ရှူတာ တွေ့ လို့  မနည်းပြန်ဖြတ်ခိုင်းရတယ်။ အခု သားလေးက နှစ်နှစ်ထဲမှာ။ယောက်ျားက ကော်ရှူရင်း ကလေးကို ချီထားတော့ သားလေးက ရင်ကြပ်တာတွေဖြစ်လာတယ်။ ကလေးထိခိုက်မှာစိုးလို့ ဆိုပြီး ခုတော့ မရှူတော့ဘူး"။

မမာ၏ ပြောပြချက်အရ ထိုကော်ရှူသော ဓလေ့သည် လွန်ခဲ့သော သုံး၊လေးနှစ်ခန့် က ဘူတာကြီးတွင် အမှိုက်ကောက်သူတစ်ဦးမှ စတင်၍ ဘုရားကြီးဝင်းအတွင်းသို့ ပြန့် နှံ့ လာခဲ့ခြင်းဖြစ်သည်။ ယခုအခါ ထိုလူလည်း ကွယ်လွန်ပြီဖြစ်ပြီး မကွယ်လွန်မီက တစ်ရက်လျှင် တစ်ဘူး ပုံမှန်ရှူလေ့ရှိသည်တဲ့။ ထိုသူမှပင် ကော်ဘူးများကို ရောင်းပေးပြီး ကလေးများကိုလည်း ကော်ရှူနည်း သင်ပေးခဲ့သည်။"ကျွန်မသိသလောက်တော့ အဲ့ကလေးတွေ ကော်ရှူပြီးရင် မူးပြီးမှိန်းသွားတယ်။ တချို့ ဆို သရဲပုံတွေ ထင်ယောင်ထင်မှားမြင်တာတို့ ၊ကယောင်ကတမ်းလျှောက်ပြောတာတို့ ၊ ချွေးစေးတွေပြန်တာတို့ ၊ အသက်ရှူကြပ်တာတို့ ၊ ရင်တုန်တာတို့ ၊ ကိုယ်သိတဲ့သူတစ်ယောက်နာမည်ကို မေ့သွားတာတို့ ဖြစ်တတ်တယ်။ လွန်ခဲ့တဲ့ နှစ်လလောက်က အနောက်မုခ်မှာ ၁၈နှစ် ကောင်မလေးတစ်ယောက်ကိုယ်ဝန်ကြီးနဲ့ ကော်ရှူရင်း ဘာဖြစ်သွားတယ်မသိဘူး။ မူးအန်ပြီး သိပ်မကြာဘူး။ ဆုံးသွားတာပဲ။"ဟုဆိုလေသည်။

ထိုကော်ရှူသော ကလေးတစ်သိုက်ထဲမှာ မိန်းကလေးတချို့ လည်း ပါဝင်သည်။
အသက်၁၈နှစ်ရှိ အေးအေး(အမည်လွဲ)ကမူ အိမ်ပြေးမလေးတစ်ယောက်ဖြစ်ပြီး အိမ်ကထွက်ပြေးလာခဲ့သည်မှာ တစ်ပတ်လောက်ရှိပြီဖြစ်သည်။ အတန်အသင့် ဖွံ့ ဖြိုးသော ခန္ဓာကိုယ်နှင့် သူမသည် ဤဘုရားဝင်းအတွင်း တောင်းစားသူကလေးများနှင့် အဖွဲ့ ကျနေသည်။
အိမ်ဘာလို့ မပြန်တာလဲ ဟုမေးတော့ သူ့ ချစ်သူက သူ့ ကို လက်ထပ်မည်ဟု ဆိုပြီး သူမ၏ တစ်မတ်သားရှိ ရွှေနားကပ်ကို ချွတ်ယူသွားသောကြောင့် သူပြန်အလာကို စောင့်နေခြင်းဖြစ်သည်ဟုဖြေလေသည်။
ထုံပေပေနှင့် လည်လည်ဝယ်ဝယ်ရှိပုံမရသော အေးအေးသည် ထိုသူနှင့် ချစ်သူဖြစ်တာမှ ဆယ်ရက်လောက်သာရှိသေးသည်။ ထိုသူက ပြောသမျှကို ယုံပြီး ယခုတိုင် ဘုရားထဲတွင်စောင့်နေတာ တစ်ပတ်လောက်ရှိပြီတဲ့။
"သူ့ နာမည်က ကိုမင်း(အမည်လွဲ)။ အသက်က၂၀။သမီးတို့ ချစ်သူဖြစ်တာ ငါးရက်လောက်ပဲရှိသေးတယ်။ သူကသမီးကို ညဘက် ခေါင်ရည်ဆိုင်ခေါ်ပြီးခေါင်ရည်တွေတိုက် ၊ကော်တွေ ရှူခိုင်းပြီး နားကပ်ယူသွားတာ။
သူကလက်ထပ်ဖို့ ပိုက်ဆံသွားရှာတာလို့ ပြောတာပဲ။ သမီးကသူ့ ကိုစောင့်နေတာ။ သူလာခေါ်ရင်တော့ လိုက်သွားမယ်။ အိမ်ကိုတော့ မပြန်ရဲဘူး။ ဟိုနေ့ညက အဖေတို့ သမီးကိုလာရှာတာတွေ့ ပေမယ့် ပြန်လိုက်မသွားရဲဘူး။ နားကပ်မပါဘဲ မပြန်ရဲလို့ ပုန်းနေတာ။
ခုတော့ သမီးလည်း စိတ်ညစ်လို့ ကော်တွေရှူတတ်နေပြီ"ဟုဆိုသည်။

ထိုကလေးအုပ်စုများတွင် တချို့ လည်း ကော်ရှူသည်။ တချို့ လည်း မရှူကြ။ သူတို့ စားရာနေရာကား စောင်းတန်းတစ်လျှောက်ရှိ မုန့် ဆိုင်များ။အသက်ရှစ်နှစ်အရွယ်ရှိ သုန်သုန်(အမည်လွဲ)ကမူ
" တစ်ရာဖိုးဆို ကြာဇံကြော် ဒါမှမဟုတ် မုန့် လုံးကြီးကြော်နှစ်လုံးစားလိုက်ရင် ဗိုက်ပြည့်တယ်။ အမေက နံနက်ဆို သမီးကို ငွေတစ်ရာပေးပြီး ဘုရားထဲတောင်းဖို့ လွှတ်လိုက်တာပဲ။ တစ်နေကုန် ညနေခြောက်နာရီထိတောင်းရတယ်။ တစ်နေ့ ကို တစ်ထောင့်ငါးရာလောက်ရမှ အိမ်ပြန်ရဲတယ်။ မဟုတ်ရင် အိမ်မပြန်ရဲဘူး။ အမေကထမင်းမကျွေးလို့ "ဟုပြောသည်။ သူ့ တွင် ဆယ်နှစ်အရွယ်ရှိ အစ်မတစ်ယောက်ရှိပြီး နံနက်ခင်းတိုင်းညီအစ်မနှစ်ဦးတူတူ ဘုရားထဲလာတောင်းရသည်ဟုသိရသည်။
ကျောင်းမနေချင်ဘူးလားဟုမေးတော့
" နေချင်တယ် မမ။ သမီးတောင်းစားတဲ့အလုပ်မလုပ်ချင်တော့ဘူး။ တစ်ခါတစ်လေရတဲ့ပိုက်ဆံထဲက ဘုရားကိုလှူပြီး နောင်ဘဝကောင်းကောင်းနေရဖို့ ဆုတောင်းတယ်။ သမီးကတောင်းစားပေမယ့် ခိုးတဲ့အလုပ်မလုပ်တတ်ဘူး။ တစ်ခါတစ်လေ ကိုယ့်ရှေ့ မှာ ဘုရားဖူးက ကျသွားတဲ့ပိုက်ဆံအိတ်ကို လိုက်ပေးတာ မုန့်ဖိုးတွေ တစ်ထောင် နှစ်ထောင်ရတတ်တယ်။ သမီးကျောင်းနေချင်တယ်။ အဖြူအစိမ်း ဝတ်ချင်တယ်။ တောင်းစားတဲ့အလုပ် မလုပ်ချင်တော့ဘူး"ဟု ဖြေလေသည်။

ထိုကလေးများကော်ရှူသည်ကိုတွေ့ လျှင် ဘုရားပေါ်ရှိလုံခြုံရေးများက ကြိမ်ဖြင့် ရိုက်နှက်ဆုံးမလေ့ရှိသည်။ သို့ သော် ကော်ဘူးသိမ်းခံရလျှင်လည်း သူတို့ ကမမှုတော့ ။အလွယ်တကူ ဝယ်၍ရနေပြီးဖြစ်သောကြောင့် ပိုက်ဆံရတိုင်းကော်ဝယ်ရှူလေ့ရှိသည်။ ကော်ဘူးကို မည်သို့ ဝယ်ရသနည်းဟုမေးသော် မောင်အောင်(အမည်လွဲ)ကမူ
"ကျွန်တော်တို့ ကို ကော်ရှူမှန်းသိရက်နဲ့ ရောင်းတဲ့ဆိုင်တွေဆီကဝယ်တာ။ သူတို့ညက ကျွန်တော်တို့ မရှူရ မနေနိုင်မှန်းသိလို့ ရောင်းပေးတယ်။ တချို့ ဆိုင်ကျတော့ မရောင်းပေးဘူး။
ဘာလုပ်ဖို့ လဲမေးတယ်။ အဲ့ဒါဆို ကျွန်တော်တို့ က ဖိနပ်ကပ်ဖို့ လို့ ပြောဝယ်ရတယ်။ များသောအားဖြင့် ရောင်းပေးနေကျဆိုင်တွေမှာ သွားဝယ်ရတာ အဆင်ပြေတယ်"ဟု ဆိုသည်။
မောင်အောင်သည် အသက် ၁၅နှစ်ရှိပြီဖြစ်သော်လည်း အလွန်ပိန်ချုံးလျက်ရှိပြီး ကော်ရှူသက်တမ်းသုံးနှစ်ခန့် ရှိပြီဖြစ်၍ ယခုအခါ ကော်မရှူရလျှင် မနေနိုင်အောင် စွဲလန်းလျက်ရှိသည်။ သူနှင့် စကားပြောနေစဉ်တွင်ပင် ကော်ဘူးက နှာခေါင်းဝမှာတေ့လျက်။
မရှူရလျှင် ကတုန်ကရင်ဖြစ်သည်တဲ့။ တွေ့ ရာလူဆီက ကော်ဘူးတောင်းရှူလေ့ရှိပြီး မပေးပါက ရန်ပြုသည်အထိဖြစ်တတ်သည်ဟုလည်းသိရသည်။

တခါတလေ စီမံချက်ဟုသူတို့ ခေါ်သော စည်ပင်ကားများနှင့်ပါသွားလေ့ရှိပြီး ကလေးသူငယ်ပြုပြင်ထိန်းသိမ်းရေးကျောင်းများသို့ ရောက်သွားသည်။
"ဂေါမရှင်ကျောင်း (World Visionကို သူတို့ အခေါ်ဂေါမရှင်ကျောင်း)ကို ရောက်ဖူးတယ်။ စာသင်ရတယ် ။ထမင်းစားရတယ်။ ဒါပေမယ့် မပျော်ဘူး။ ဘယ်ပျော်မလဲ။ အဲ့ဒီမှာ ကော်မရှိတော့ ကျွန်တော်မနေနိုင်ဘူး ။ အဲ့ဒါကြောင့် ရရာလိုင်းကားတားစီးပြီးပြန်ပြေးလာတာ။"ဟု မောင်အောင်ကဆိုလေသည်။ယခုအခါ ထိုကော်ရှူသော ကလေးများမှာ ကော်ကို မူးယစ်ဆေးတစ်ခုသဖွယ် ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြပြီ။ တခါတလေ ကော်ဘူးကုန်ခါနီးဆိုလျှင် ထိုကော်ဘူးကို လက်နှင့်ကော်၍ပင် ပါးစပ်ထဲထည့်ငုံလေ့ရှိသည်။ ထိုသို့ ငုံခြင်းက ခံတွင်းပူသော်လည်း ပမာဏနည်းနည်းငုံရုံနှင့် များများမူးနိုင်သောကြောင့် ရံဖန်ရံခါ ကော်ကို ငုံလေ့ရှိသည်ဟုသိရသည်။

ထိုကလေးများမှာ ညအိပ်လျှင် ဘုရားအနောက်မုခ်ဘက်တွင် စုအိပ်လေ့ရှိသည်။ စားပြန်တော့လည်း ပျံကျဈေးမုန့်၊ အိပ်ပြန်တော့လည်း သမံတလင်း၊ အမိုးအကာ ခြုံစရာဘာမှမရှိ၊ အဝတ်ကလည်း တစ်ယောက်လျှင် နှစ်စုံခန့် သာ၊ တစ်ကိုယ်ရေသန့် ရှင်းမှုအားနည်းသည့်ကြားထဲ ကော်ရှူ၍ ကျန်းမာရေး ထိခိုက်နေသူများလည်း တပုံတပင်ရှိနေသည်။ များသောအားဖြင့် အရွယ်ကောင်း၊လုပ်အားရှိသည့်အရွယ်ဖြစ်သော ဆယ်ကျော်သက် ကလေးများတွင် ကော်ကို မူးယစ်ဆေးသဖွယ်စွဲလန်းစွာ အသုံးပြုနေခြင်းက ကျန်းမာရေးထိခိုက်စရာ အဓိကအကြောင်းအရင်းတစ်ခုဖြစ်လာသည်။ယောက်ျားလေးများမှာ အလုပ်လုပ်နိုင်သောအရွယ်ဖြစ်သော်လည်း လုပ်ရန်စိတ်မပါတော့။ ကော်ကို မူးယစ်ဆေးသဖွယ်စွဲလန်းနေသောကြောင့် အလုပ်သိပ်မလုပ်နိုင်တော့သဖြင့်ကြုံရာကျပန်းအလုပ်ဖြစ်သော ကုန်ထမ်းခြင်း ပန်းရန်လုပ်ခြင်းကိုပင် လုပ်ရန်စိတ်မပါတော့ဟုဆိုသည်။
ကော်ရှူပြီးမူးယစ်နေသော မိန်းကလေးများမှာလည်း လူကုန်ကူးခံရမှုအန္တရာယ်၊ လိင်အလွဲသုံးစားပြုခံရမှုအန္တရာယ်စသဖြင့် ကြုံတွေ့ လာနိုင်သော အခြေအနေရှိနေလေသည်။

ဆင်းရဲမွဲတေမှု၏ ဒဏ်ချက်ကြောင့် ကလေးငယ်များမှာ ကျောင်းစာသင်ရမည့်အရွယ်တွင် တောင်းစားရင်း မိသားစု ဝင်ငွေကိုဖြည့်တင်းပေးနေရသည်။ လုံလောက်စွာ မစားရမှုကြောင့် အာဟာရချို့ တဲ့မှုလည်းဖြစ်နေကြသည်။ ဝင်ငွေလုံလောက်စွာမရှာနိုင်တော့ စိတ်ညစ်၍ ကော်ရှူသည်။ ကော်ရှူရင်းဖြင့် ရှိသမျှပိုက်ဆံကုန်သည်။ ပိုက်ဆံကုန်တော့ ထပ်တောင်းသည်။ သနား သူများက ပေးသောပိုက်ဆံကလည်း ကော်ဖိုးပြန်ဖြစ်သွားလေသည်။ ကော်ရှူ၍ရိုက်နှက်ဆုံးမပါကလည်း ထို အနာကိုဖြေဖျောက်ရန် ကော်ပြန်ရှူကြသည်။
ဤသို့ သံသရာလည်ရင်း ကော်ရှူခြင်းကို စွဲလန်းလာကြသည်။

ထို့ ကြောင့် ဤကလေးငယ်များ ကော်ရှူခြင်းသည် ပိုက်ဆံလုံလောက်စွာ စွန့် ကြဲခြင်းဖြင့် ဖြေရှင်း၍ရသော ပြဿနာမဟုတ်သကဲ့သို့  ရိုက်နှက်ခြင်းဖြင့် ဖြေရှင်း၍ရမည်လည်းမဟုတ်ပါ။
အထက်ပါနည်းတို့ မှာ ဆေးမြီးတိုသဖွယ်ပင်ဖြစ်နေပါလိမ့်မည်။
ကလေးများ ကော်ရှူခြင်း ပပျောက်ရန်မှာဆင်းရဲမွဲတေမှုပပျောက်ရေး၊ကျောင်းနေအရွယ်ကလေး ကျောင်းအပ်ရေး၊ မူးယစ်ဆေးဝါး ကွပ်ကဲထိန်းသိမ်းရေး၊ မူးယစ်မဟုတ်သော ပစ္စည်းများကို မူးယစ်ဆေးသဖွယ်အလွဲသုံးစားမှုများ မဖြစ်စေရန် အရောင်းဆိုင်များကို ပညာပေးရေး စသော စီမံကိန်းပေါင်းများစွာနှင့် ကုစားရမည့် ရောဂါကြီးဖြစ်လေသည်။
ဤကဲ့သို့ ရာချီသော ကလေးသူငယ်များ ကော်ရှူခြင်းဖြင့် နိုင်ငံခြားသားများကို ဆွဲဆောင်နိုင်သည့် မဟာမုနိကဲ့သို့  သမိုင်းဝင်နေရာကို အရုပ်ဆိုး အကျည်းတန်စေသည်။ အနာဂတ်၏ လူ့ စွမ်းအားအရင်းအမြစ်များ ကျဆင်းလာမည်။ အနာဂတ်သားကောင်းများ လမ်းကြောင်းမှားပေါ်သို့ ရောက်ရှိသွားနိုင်သည်။ ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်များပြားလာမည်။ ဤကလေးငယ်များဖြင့် အနာဂတ်နိုင်ငံတော်ကို ရှေ့ ဆက်ရမည်မှာ ရင်လေးဖွယ်ဖြစ်သည်။
ထို့ ကြောင့် တာဝန်ရှိသူများအနေဖြင့် ကလေးသူငယ်များ မူးယစ်ဆေးတစ်ခုသဖွယ်စွဲလန်းနေသော ကော်ရှူခြင်းဓလေ့အား စနစ်တကျ ထိန်းသိမ်းပေးနိုင်ပါရန်နှင့် ထိုကလေးများအား ပြန်လည် ပျိုးထောင်ပေးနိုင်ပါရန် တိုက်တွန်းရေးသားလိုက်ပါသည်။

.........ယဉ်ယဉ်နှောင်း

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D