သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, June 20, 2013

လူ ၄၀ လောက်သေဆုံးခဲ့သည့် မိတ္ထီလာ၊ ၉၆၉နှင့် ကျွန်တော်တို့ တာဝန်

၁။ ရခိုင်အရေးတွင် သွေးချောင်းစီးခဲ့သည်။ ကျွန်တော်တို့ ယူရမည့်သူက မယူခဲ့။ မယူရမည့်သူက ယူသွားသည်။ ယူရမည့်သူဆိုသည်မှာ မီဒီယာ၏ ကြောက်မက်ဖွယ်ကောင်းပုံဖြစ်သည်။ သနားစရာ ကလေးမလေး သွေးအလူလူးပုံများ အင်တာနက်ပေါ် တက်လာသည်မှ စ၍ ခြောက်ခြားဖွယ်ကောင်းသော အကျိုးဆက်များ ဆက်တိုက်ဖြစ်လာခဲ့သည်။ ကြေကွဲဖွယ်ကိစ္စများ ဖြစ်ခဲ့ရသည်။
မီဒီယာ၏ အဆိုးဘက်မှ အင်အားကို ကျွန်တော်တို့ သတိမထားမိခဲ့။ သတိထားမိသော တောကြောင်များက အသုံးပြုနေပြီ။ သုံးသည်မှ အင်တိုက်အားတိုက်ထိရောက်စွာသုံးသည်။ ယခု မိတ္ထိလာ။

၂။ ထိုကိစ္စ အစချီသောအခါ အမျိုးကို မချစ်သယောင်၊ ဗုဒ္ဓဘာသာ မဟုတ်သယောင်၊ နှမကို မွတ်ဆလင်ကုလားနှင့် ပေးစားတော့မယောင်ယောင် လာရောက် ဆဲကြ ပြောကြပါလိမ့်မည်။ ပြောနိုင်ပါသည်။ ဤ စာ၏ ဦးတည်ရည်ရွယ်သော ပုဂ္ဂိုလ်များသည် မိမိဆင်ခြင်ဥာဏ်ကို အဓိကထားသော်လည်း လတ်တလောတွင် တွေဝေကာ မည်သည့်ကိစ္စသည်အမှန်၊ မည်သည့်ကိစ္စသည် အမှားဟု ဝေခွဲမရဖြစ်သူများအတွက် စဉ်းစားထိုက်ဖွယ်ရာ အကြောင်းအထောက်အပံ့ အဖြစ်သာ ဦးတည်သော စာဖြစ်ပါသည်။ စာပြီးသော အခါတွင်လည်း မိမိ၏ အတွင်းစိတ်မှ နှစ်ခြိုက်သဘောကျမှသာလျှင် လက်ခံစေလိုပါသည်။

၃။ ရခိုင်အရေးပြီးသည့်နောက်တွင် ထိုသို့ လှုံ့ဆော်မှုမျိုး မရှိနိုင်တော့ဟု ထင်ခဲ့မိပါသည်။ သို့သော် မှားပါသည်။ မိတ္ထိလာကိစ္စ ဖြစ်လာပါသည်။ သွေးထိုးသူနှင့် ဆင်ခြင်ဥာဏ်မဲ့သူတို့ ပူးပေါင်းမိ၍ တောကြောင်များပါ ပါဝင်လာသောအခါ ဗုဒ္ဓဘာသာတိုင်းပြည်ဝယ် အစွန်းအကွက်ဖြစ်ခဲ့ရပါသည်။ ဖြစ်မှ ဖြစ်ခဲ့ရပါသည်။ ထိုအခါ အကြံသမားတို့သည် အညှာကို ကိုင်မိကြမှန်း သိနေကြပြီဖြစ်ပါသည်။ (အစဉ်စဉ်အဆက်ဆက် တိုင်းပြည်၏ အရေးကြီးသော အချိန်များတွင် ထိုသို့ လူမျိုးရေး အထိကရုဏ်းများ ထကြွလေ့ရှိသည်ကို သတိထားစေလိုပါသည်) ယခု သတင်းများကို စိစစ်မှုမရှိ ဖြန့်ဝေနိုင်သော အွန်လိုင်း အင်ဖေါ်မေးရှင်းခေတ်တွင် ပို၍ အန္တရာယ်ကြီးပါသည်။ ယခုဖြစ်ရပ်ကို သေသေချာချာသုံးသပ်ကာ ပြည်သူပြည်သားတို့ တနိုင်တပိုင်ကာကွယ်ရန် လိုအပ်နေပြီဟု မြင်ပါသည်။

၎။ ၉၆၉ လှုပ်ရှားမှုကြောင့်ဟု လက်ညိုးထိုး၍ ပြောရန် ရည်ရွယ်ရင်း မရှိပါ။ ထိုသို့ ပြောလျှင်လည်းမှားပါလိမ့်မည်။ သို့သော် ၉၆၉ လှုပ်ရှားမှုကြောင့် လုံးဝမဟုတ်ဟုတော့ မပြောနိုင်ပါ။ မပြေးသော်လည်း ကံရာ ရှိခဲ့ပါပြီ။ ဆက်ရှင်းပါမည်။

၅။ ဟယ်တင်တန်က နောက်လာမည့် ပဋိပက္ခတို့၏ အရင်းအမြစ်သည် ယဉ်ကျေးမှုများ တိုးမိတိုက်မိခြင်း ကြောင့် ဖြစ်လိမ့်မည်ဟူသော အဆိုကို အမှတ်ရမိသည်။ ဟုတ်မဟုတ် မတွေးလိုသော်လည်း သူပြသည့် အကြောင်း ပြချက်များ၏ ခိုင်မာအားကောင်းမှုကို သတိထားမိပါသည်။ ဘာသာရေးသည် အကဲဆတ်တတ်ပါသည်။ အရင်းအမြစ်အထိ တိုးဝင်ပါသည်။ အိုင်ဒီအိုလိုဂျီထက်ပို၍ စွဲမြဲတတ်ပါသည်။ မေးလာကတည်းက သတ်မှတ်ပြီးသားဟုပင် ပြော၍ ရပါသည်။ ထိုနက်နက်စိုက်ဝင်နေသော အမြစ်ကို ကိုင်နှဲ့သောအခါ အပင်က ပို၍ “ခါ” ပါသည်။ ထို “အခါ” သည်ပင် ယခု ပဋိပက္ခတို့အတွက် အားကောင်းမောင်းသန် ဖြစ်ရပါလေတော့သည်။

၆။ အစဉ်စဉ် အဆက်ဆက် မွတ်ဆလင် မုန်းတီးရေးကို အုတ်မြစ်ချခဲ့သူတို့ရှိပါသည်။ ထိုအမြစ်တို့သည် မြန်မာအချို့ စိတ်ဝယ် နစ်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိပါပြီ။ ထိုအချိန်တွင် ၉၆၉ လှုပ်ရှားမှုပေါ်လာသည်။ အကြမ်းမဖက်ရေးဟု နာမည်တပ်ပါသည်။ အမျိုးသား အကျိုးစီးပွားဟု အမည်တပ်ပါသည်။ မည်သို့ပင် နာမည်တပ်ပါစေ။ မွတ်ဆလင်တို့၏ ၇၈၆ အား အခြေခံ၍ ပေါ်လာခြင်းပင်ဖြစ်ပါသည်။ ၇၈၆ ဈေးဆိုင်များကဲ့သို့ ၉၆၉ ဈေးဆိုင်များ လုပ်ရေးသာဖြစ်ပါသည်။ မွတ်ဆလင်ဆန့်ကျင်ရေးကို အခြေမခံပါဟု မည်သူမှ မငြင်းနိုင်ပါ။

၇။ အကြမ်းမဖက်ဟု နာမည်တပ်ထားသော်လည်း နက်ရှိုင်းစွာ ၀င်သောကြိုးကို အနည်းငယ်လှုပ်ရုံမျှနှင့် သွပ်သွပ်ခါအောင်လှုပ်ပါသည်။ ထို့ကြောင့် ၉၆၉ကို အကျိုးအပြစ် ချိန်စက်ကြည့်ရန်လိုပါသည်။ ပထမဆုံးအနေဖြင့် မိမိတို့ ဗုဒ္ဓဘာသာများအတွင်းတွင်ပင် နှစ်ဖွဲ့ကွဲသွားပါသည်။ (၀င်မပါသူများရှိလျှင် သုံးဖွဲ့ဖြစ်ပါလိမ့်မည်။သို့သော် ၀င်မပါသူများသည်လည်း မိမိအတွင်းစိတ်ကို ထုတ်မပြောလျှင်သာရှိမည်၊ ကြိုက်မကြိုက်တော့ ကွဲပါလိမ့်မည်) ထိုသို့ကွဲပြားသွားခြင်း သည်ပင်လျှင် အက်ကြောင်း မဟုတ်ပါလော။ အက်ကြောင်းသည်ပင်လျှင် အကျိုးထက် အပြစ်များသည် မဟုတ်ပါလော။

၈။ နောက်တစ်ချက်ကြည့်ပါမည်။ သူရို့ ကြွေးကြော်သော အမျိုးပျောက်မည့် ကိစ္စဖြစ်ပါသည်။ အမျိုးပျောက်မှာ စိုးကြောက်ပါသည်။ သို့သော် အမျိုးပျောက်ရေးကို ဘာသာရေးနှင့် တွဲသည်ကတော့ နှစ်သက်ဖွယ်ရာမမြင်။ တခြားဘာသာများအတွက် ဟုတ်ပါလိမ့်မည်။ ဗုဒ္ဓဘာသာကမူ ထိုသို့ မခံယူ။ ဘုရားရှင်သည် ၀ိဋဋူပတစ်ယောက် မိမိမျိုးတော်ဆွေတော်များကို သတ်မည့်အရေးတွင်ပင် နှုတ်မှ ဖွင့်ဟလျှက် တားတော်မမူ။ သုံးကြိမ်အထက်ကျော်လွန်သောအခါ ၀ဋ်ကျွေးအဖြစ် မျက်နှာလွှဲတော်မူခဲ့သည်။ ဘုရားရှင်သည် အမျိုးသားရေး တရား မဟောကြားခဲ့ပါ။ အမျိုးပျောက်မှာ ကာကွယ်ကြဟု မပြောခဲ့ပါ။ လူသားတို့ သံသရာမှ လွတ်ရေးကိုသာ ဟောကြားတော်မူခဲ့ပါသည်။ ဘုရားရှင် မပညတ်သည်ကို သာသနာတော်အတွင်း ဆွဲမသွင်းစေလိုပါ။

၉။ တောမီးလောင်လျှင် တောကြောင် လက်ခမောင်း ခတ်တတ်ပါသည်။ ၉၆၉နှင့် ရောကာ ဗုဒ္ဓဘာသာကို နာမည်ဖျက်မည့်သူများ၊ နိုင်ငံရေး အမြတ်ထုတ်မည့်သူများ အတွက် အခွင့်ကောင်း ပေးလိုက်သလို ဖြစ်သွားပါသည်။ ၉၆၉ နာမည်ခံကာ ဆွေးနွေးလာသူများ၏ အမေ၊နှမများကို ကုလားနှင့် ပေးစားရုံမျှနှင့် ဗုဒ္ဓဘာသာဝင်ဆိုတာ ဒီလိုပဲလားဟု ထင်ယောင်လာအောင်လုပ်၍ ရပါသည်။ လုပ်သူများလည်း ရှိပါလိမ့်မည်။ နဂိုကတည်းက သည်ဘာသာကို အမြင်ကပ်သူများကလည်း တွေ့တယ်မဟုတ်လားဟု ကဲ့ရဲ့ဖွယ်ရာသာ မြင်ရပါသည်။ အချုပ်ဆိုရသော် အကျိုးထက် အပြစ်များပါသည်။ ၉၆၉ကို စိတ်ညွှတ်သူများ ဆင်ခြင်စေလိုပါသည်။

၁၀။ ဆက်လက်၍ ဤသို့အရေးများ ထပ်မဖြစ်အောင် အွန်လိုင်းသုံး လူထု၏ အရေးပါပုံကို ပြောပြအကူအညီတောင်းလိုပါသည်။ ယခင်က မုဆိုးမတစ်ယောက် လေတိုက်၍ စကောလွင့်သွားသည်ကို ငါ့စကော၊ငါ့စကော ဟု အော်ဟစ်ပြေးလိုက်ရုံမျှနှင့် ငါ့စကောတပ်ကြီး ချီလာပြီဟု ခြောက်ခြားကာ ပြည်ပျက်ရကြောင်း ပါးစပ်ရာဇ၀င်ကြားဘူးပါသည်။ မိမိမသေချာသော ကိစ္စများတွင် ငါ့စကောလုပ်ကာ ဖြန့်ဝေလျှင် ပြည်ပျက်ပါလိမ့်မည်။ ယခုပင်လျှင် အသက်ပေါင်းများစွာပျက်စီးခဲ့ပါပြီ။ ပြည်သူများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါပြီ။ ထိုအဖြစ်တို့သည် သည်တိုင်းပြည်ဝယ် နှစ်ကြိမ်မကဖြစ်ခဲ့ပြီးပါပြီ။ မိမိတို့လက်ထက်တွင် ပင်လျှင် နှစ်ကြိမ်ဖြစ်ခဲ့ပါပြီ။ ထိုနှစ်ကြိမ်တွင် မသိလိုက်မသိဘာသာ ပါဝင်ကူညီမြှောက်ပေးရာရောက်သော အရေးအသားများ၊ သွေးထိုးစကားများ မသိ၍ဖြစ်စေ၊ သိ၍ ဖြစ်စေ၊ ပြောမိလျှင် အသက်သွေးတို့၏ တရားခံထဲဝယ် ပါနေပါလိမ့်မည်။

၁၁။ ထိုသို့ အရေးအခင်းများတွင် မည်သူလွန်သည်၊ မည်ဝါလွန်သည်ကို မပြောလိုပါ။ သို့သော် ပြောနိုင်သည်မှာ လွန်သူအတွက် တရားဥပဒေရှိပါသည်။ မိမိတို့သည် တရားစီရင်ရေး အခွင့်အာဏာပိုင်များ မဟုတ်ကြပါ။ မိမိတို့ဘာသာ တရားစီရင်ရန် ကြံသူများသည် (နှစ်ဘက်စလုံးကို ဆိုလိုပါသည်) လူမဟုတ်တော့သော လူများဖြစ်ပါသည်။ ထိုသူများကိုရှုံ့ချသကဲ့သို့ ထိုသူများကို ထောက်ခံသော မည်သည့် ပုဂ္ဂိုလ်ကိုမဆို ရှုံ့ချပါသည်။ တရားဥပဒေ၏ အပြစ်ပေးမှု နည်းလမ်းမမှန်ဖြစ်လျှင်၊ အဂတိရှိနေလျှင်ပြောပါ။ ကန့်ကွက်ပါ။ ကိုယ့်ဘာသာ စီရင်ချက်ချသည်ကတော့ မသင့်တော်ပါ။

၁၂။ ယနေ့အွန်လိုင်းတွင် မည်သူမှန်းမသိ၊ မည်ဝါမှန်း မသိသည်ကို အခွင့်ကောင်းယူကာ ဆူပူစေရန် မြှောက်ပေးသူ၊သွေးထိုးသူတို့ ရှိနေပါသည်။ ထိုသူတို့ကို ပေလျာယကန် ထားလိုက်လျှင် ဆင်ခြင်ဥာဏ်နည်းသောသူတို့၊ သွေးပူလွယ်သော သူတို့ ပါသွားပါမည်။ မိမိတို့နှင့် မဆိုင်ဟု နေလျှင်လည်း ရပါသည်။ သို့သော် တတိယ အထိကရုဏ်း မဖြစ်စေရေးတွင် တတပ်တအား ပါဝင်လိုပါလျှင် ထိုသူတို့ကို အများပြည်သူ၏ ရှေ့တွင် သွေးဆောင်စည်းရုံးခြင်း မပြုနိုင်စေရန် “ကန့်”ထားရပါတော့မည်။ ထိုကိစ္စသည် လွတ်လပ်စွာ သဘောကွဲလွဲပိုင်ခွင့်ကို ချိုးဖောက်ခြင်းမဟုတ်ပါ။ လွတ်လပ်စွာကွဲလွဲပိုင်ခွင့်သည် ကွဲလွဲခွင့်ကို လက်ခံသော သူများနှင့်သာ အလုပ်ဖြစ်ပါသည်။ နင်ပဲငဆ ငါတကောကောသူများနှင့်လည်းကောင်း၊ နင်မဟုတ်လျှင် နင့်အဖေပဲဆိုသူများနှင့်လည်းကောင်း အလုပ်မဖြစ်ပါ။ ထိုသူများကို လူ့အသိုင်းအ၀ိုင်းမှ မကြဉ်သော်လည်း လမ်းလည်ကောင်တွင် အရက်သောက် ကြက်တိုက်ရန် ကြံစည်ခြင်းကိုတော့ တားရပေမည်။ အခြားသူများ အနှာက်အယှက်မဖြစ်စေရန် ကျော်စောမှုနှင့် ဘုရားပွဲအတွင်း သွားလာခွင့်ကို ကန့်သင့်ကန့်ရပေမည်။

၁၃။ ဖြစ်လာကာမှ ထပ်မကြေကွဲစေလို။ ထိုထက်ပို၍ ဆိုရန်မရှိပါ။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D