စင်္ကာပူနိုင်ငံမှာ ၁၆နှစ်တာအတွင်း အဆိုးဝါးဆုံးဖြစ်ပွားနေတဲ့ လေထုညစ်ညမ်း အုံ့ဆိုင်းနေမှုဟာ တစ်ပတ်မက ရှည်ကြာနိုင်ကြောင်း စင်္ကာပူဝန်ကြီးချုပ် လီရှမ်လွန်းက ပြောကြားလိုက်ပါတယ်။
စင်္ကာပူ ၀န်ကြီးချုပ်က ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီမီးခိုးငွေ့တွေဟာ ဆူမာတြားကျွန်းက ခြောက်သွေ့ ရာသီကုန်ဆုံးမယ့် စက်တင်ဘာ၊ အောက်တိုဘာလအထိ ကြာကောင်းကြာသွားနိုင်ကြောင်း၊ ဒီလေထုညစ်ညမ်းမှုဟာ အင်ဒိုနီးရှားဘက်မှာ တရားမ၀င် တောမီးရှို့မှုတွေကနေ စတင်ဖြစ်ပေါ်ပြီး ဒီလုပ်ရပ်တွေမှာ စင်္ကာပူ၊ မလေးရှား လုပ်ငန်းတွေလဲ ပါဝင်ပတ်သက်နေ တယ်လို့ အင်ဒို တာဝန်ရှိသူတွေကဆိုကြောင်း၊ ဒီလုပ်ရပ်နဲ့ဆက်နွယ်တဲ့ စင်္ကာပူကုမ္မဏီတွေကို စုံစမ်းဖော်ထုတ်အရေးယူသွားမယ်လို့ ဆိုပါတယ်။အခုလက်ရှိစင်္ကာပူမှာ လေထုညစ်ညမ်းမှု တိုင်းထွာချက် PSI (Pollutant Standards Index) ထုတ်ပြန်မှုတွေအရ ဒေသစံတော်ချိန် ညနေ ၆နာရီမှာ PSI 310 ရှိခဲ့ပြီး ည၉ နာရီအချိန်မှာ PSI 197 ရှိနေပါတယ်။ PSI ယူနစ်မှာ 300 အထက်ကို အန္တရာယ်အဆင့်လို့ သတ်မှတ်ထားပါတယ်။ စင်္ကာပူအစိုးရက လမ်းပေါ်သွားလာသူတွေကို နှာခေါင်းကာမျက်နှာဖုံးတွေ ၀တ်ဆင်ကြဖို့ သတိပေးထားသလို အဲဒီ့ မျက်နှာဖုံး သုံးစွဲမှုများပြားလာလို့ ပြတ်လပ်မှုတွေ ရှိတယ်လို့လည်း စင်္ကာပူမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာတချို့က ဆိုပါတယ်။
စင်္ကာပူမှာ နေထိုင်လုပ်ကိုင်နေတဲ့ မြန်မာ သိန်းနဲ့ချီရှိပါတယ်။ စင်္ကာပူမှာ လေထုညစ်ညမ်းမှုအခြေအနေကြောင့် ဈေးဆိုင်တချို့၊ အစားအသောက် ၀န်ဆောင်မှုလုပ်ငန်းတချို့ ရပ်နားထားသလို တချို့ စီးပွားရေးကုမ္မဏီတွေက ၀န်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်နိုင်ဖို့ စီမံပေးကြောင်း မြန်မာကွန်ပျုတာပညာရှင်တစ်ဦးက ပြောပါတယ်။ စင်္ကာပူ အစိုးရဟာ မီးခိုးငွေဒဏ်ကြောင့် ကျန်းမာရေး ၀န်ဆောင်မှုတွေကိုလည်း ကန့်သတ်ချက်တချို့နဲ့ ပေးနေကြောင်း သိရပါတယ်။
From:ရဲရင့်ငယ်
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...