
ဂျပန်နိုင်ငံ၏ အကြီးဆုံး လေကြောင်းလိုင်း ANA Holdings (All Nippon Airways) သည် မြန်မာနိုင်ငံမှ ပုဂ္ဂလိက လေကြောင်းလိုင်း တစ်လိုင်းဖြစ်သော Asian Wings Airways Ltd ထံမှ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ၀ယ်ယူရန် စီစဉ်နေကြောင်း Bloomberg သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
"ANA က မြန်မာ Asian Wings ရဲ့ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ၀ယ်ယူဖို့ အနည်းဆုံး ယန်းသုံးဘီလျံ (အမေရိကန်ဒေါ်လာ ၃၁ သန်း) ပေးအပ်သွားမှာပါ" အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါ သတင်းနှင့် ပတ်သက်၍ ဂျပန်အခြေစိုက် The Nikkei စီးပွားရေး သတင်းစာက Asian Wings လေကြောင်းလိုင်းသို့ အတည်ပြု မေးမြန်းခဲ့သော်လည်း ချက်ချင်းအကြောင်း မပြန်ခဲ့ကြောင်းနှင့် ရန်ကုန်မြို့ရှိ Asian Wings လေကြောင်းလိုင်းရုံးကလည်း သတင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မပြုသေးကြောင်း သိရသည်။
တိုကျိုမြို့ အခြေစိုက် ANA လေကြောင်းလိုင်းသည် မြန်မာနိုင်ငံတွင် ယမန်နှစ်မှစ၍ ပြန်လည်ပြေးဆွဲခဲ့သည်။ ချမှတ်ထားသော ပိတ်ဆို့မှုများ ဖြေလျှော့အပြီး ၁၂ နှစ်အကြာမှ လုပ်ငန်းများကို ပထမဦးဆုံး ပြန်လည်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်းပုဂ္ဂလိက လေကြောင်းလိုင်း တစ်လိုင်းဖြစ်သော Asian Wings ကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလအတွင်း စတင်တည်ထောင် ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ATR 72 - 500 သုံးစီးနှင့် Airbus A321 တစ်စင်းတို့ဖြင့် လုပ်ငန်းဆောင်ရွက်လျက် ရှိသည်။
လက်ရှိ ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ လားရှိုး၊ မုံရွာ၊ ဟုမ္မလင်း၊ သဲတွဲ၊ မြိတ်၊ ထားဝယ်နှင့် ကော့သောင်းမြို့များသို့ ပြေးဆွဲလျက်ရှိပြီး ထပ်မံတိုးချဲ့ ပျံသန်းရန် စီစဉ်နေကြောင်း သိရသည်။
ANA ၏ အစုရှယ်ယာ ဈေးနှုန်းသည် မြင့်တက်လျက်ရှိပြီး လက်ရှိအစုရှယ်ယာ ဈေးနှုန်းသည် ယခင်နှစ်ကထက် ယန်း ၁၇၄ ဘီလျံ မြင့်တက်လာခဲ့သည်။ အိန္ဒိယ၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့ လေကြောင်းလိုင်း လုပ်ငန်းများနှင့် အစုစပ်ပြုလုပ်ပြီးနောက်ပိုင်း အစုရှယ်ယာ ဈေးနှုန်းများ ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။
ANA သည် ယမန်လက Pan Am Holding Inc. သင်တန်းကျောင်းကို အမေရိကန်ဒေါ်လာ ၁၃၉ ဒသမ ၅ သန်းဖြင့် ၀ယ်ယူခဲ့ပြီး Philippine Airlines Inc. ၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းကိုလည်း ၀ယ်ယူရန် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
၁၉၅၂ ခုနှစ် ဒီဇင်ဘာတွင် စတင်တည်ထောင်ခဲ့သော ANA လေကြောင်းလိုင်းသည် လက်ရှိအချိန်တွင် လေယာဉ် ၁၈၉ စင်းဖြင့် ကမ္ဘာတစ်ဝန်းလုံးတွင် ပြေးဆွဲလျက် ရှိသည်။
From : ..YMG
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...