ဒေါ်အောင်ဆန်းစုကြည်။ ““နိုင်ငံတော် သမ္မတရွေးပွဲ တရားမျှတစွာယှဉ်ပြိုင်မည် ဆိုလျှင် ဖွဲ့စည်းပုံဥပဒေကို ပြင်ပေးပါ””
သူရဦးရွှေမန်း။ ““ပိတ်ကားပေါ်မှာ စောင့် ကြည့်ပါ””
မကြာမီရက်များအတွင်း နေပြည် တော်တွင်မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ စကားကိုပြောကြားခဲ့၍လွှတ်တော်ဥက္ကဋ္ဌ၊ (ယခု နာယကကြီး) သူရဦးရွှေမန်း တုံ့ပြန် ပြောကြားခဲ့သော စကားများဖြစ်သည်။
ယနေ့ ၂၀၁၃ ခုနှစ်၏နေ့ရက်များ သည် မြန်မာပြည်နိုင်ငံရေးတွင် အလွန် အရေးပါလျက်ရှိသော အချိန်ကာလများ ဖြစ်သည်။ ထိုအချိန်ကာလများ၏ လျှပ် စစ်မီးမောင်းသည် ဒေါ်အောင်ဆန်းစု ကြည်၏ ရပ်တည်ရာဌာနသို့ ၀င်းပသော လင်းရောင်ခြည်ကို ထိုးပြနေပေသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မိမိနိုင်ငံ တော်သမ္မတဖြစ်ရန်ဆန္ဒရှိကြောင်း တဖွဖွ ပြောသည်။ နှစ်ပေါင်း ၅၀ ဒီမိုကရေစီ မှောင်ကြီးကျခဲ့သော မြန်မာပြည်၏ရှေ့ချီ မည့်ခရီးတွင် မိမိစိတ်တိုင်းကျ ဒီမိုကရေစီ ဖော်ဆောင်မှုကို ပြုလို၍ ဖြစ်သည်ဟု ခိုင်မာတိကျသော အကြောင်းအချက်ကို ပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် သမ္မတဖြစ်လာနိုင်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေတွင် တားဆီးထားသော အကြောင်းအချက်များတွင် ပြင်ဆင်မှုပြု လုပ်ပေးမှဖြစ်မည်။
ထိုကိစ္စနှင့်ပတ်သက်ပြီးနာယကကြီး သူရဦးရွှေမန်းကိုယ်တိုင်က ပွင့်လင်းစွာ တစ်ကြိမ်မက ပြောခဲ့ပြီးဖြစ်သည်။ ဒေါ် အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတ မဖြစ်ရန်တားဆီးထားသော အချက်အ လက်များကို ၂၀၀၈ ဥပဒေတွင်ပြင်ပေး မည်။
နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းကလည်း အမေရိ ကန်ပြည်ထောင်စုခရီးစဉ်တစ်ခုတွင် အမေရိကန်ပြည်ထောင်စုတက္ကသိုလ်ရောက် မြန်မာကျောင်းသားကျောင်းသူများကို ဒေါ်အောင်ဆန်းစုကြည်နိုင်ငံတော်သမ္မတ ဖြစ်လာနိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မုချပြင်ပေးမည်။ ဒေါ်အောင် ဆန်းစုကြည်နိုင်ငံတော်သမ္မတဖြစ်ရေး၊ မဖြစ်ရေးမှာ ပြည်သူလူထု၏ မဲဆန္ဒပေးမှု ပေါ်တွင် တည်ရှိနေသည်ဟု သဘောပါ သော စကားများပြောကြားခဲ့သည်။
ဤသို့ဆိုလျှင်မြန်မာပြည်၏ရှေ့ခရီး တွင် မြင်ရတော့မည်မှာ ပန်းခင်းသော လမ်းပေလား။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ နိုင်ငံတော်သမ္မတဖြစ်လာ တော့မည်လား။
နာယကကြီး သူရဦးရွှေမန်းကတော့ ပြောခဲ့ပြီးဖြစ်သည်။ ““ပိတ်ကားပေါ်တွင် စောင့်ကြည့်ပါ”” တဲ့။ ပိတ်ကားပေါ်တွင် မြင်ရမည်မှာ မြန်မာရုပ်ရှင်ဇာတ်ကားများ ထဲမှ ရွှေဘနှင့် သမ္မတလူကြမ်းအဖွဲ့ပါဝင် သော မိုက်တယ်ဆိုတာ လွယ်ပါတယ် ရုပ်ရှင်ကားတော့မဟုတ်နိုင်ပါ။ဒါရိုက်တာ သုခ ရွှေစင်ရုပ်ဆုရခဲ့သော ဘ၀သံသရာ ဇာတ်ကားသီချင်းနှင့် တစ်ယောက်ဆင်း တစ်ယောက်တက်ဆက်လက်ထွက်ခွာလာ ဆိုသောစာသားလား။ အေ၀မ်းဖလင်းမှု ချစ်မုန်းမာန်လား၊ ဗြိတိသျှဘားမားရုပ်ရှင် က ဖြေလျော့ခွေ ဇာတ်ကားလို ဖြေလျော့ ပေးကြမည့် သဘောလား။ အဲဗျ၊ ဒါရိုက်တာမောင်မြမောင်၏ဇေယျ၊ မေ သစ်တို့ပါဝင်သည့် မြဲတဲ့သစ္စာ ရုပ်ရှင်ကား ကို ပိတ်ကားပေါ်မှာ နာယကကြီး သူရ ဦးရွှေမန်းနှင့် အဖွဲ့က လှလှပပ ပြတော့ မည်လား။
မြန်မာပညာရှိများထားခဲ့သောစကား ပုံ၌ ဆိုခဲစေ၊ မြဲစေ -ပါရှိသည်မဟုတ်ပါ လား။ ဟုတ်ကဲ့ ““ပိတ်ကားပေါ်မှာ စောင့် ကြည့်ပါ”” ပြောခဲ့သော နာယကကြီးသူရ ဦးရွှေမန်းသည် ““၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်သမ္မတ မဖြစ်ရန် တားဆီးထား သော အချက်အလက်များ ပြင်ဆင်ပေး မည်”” ပြောခဲ့ပြီးပြီ။
ဤသို့ဆိုလျှင် ပိတ်ကားပေါ်တွင် မကြာမီမြင်ရတော့မည့် ရုပ်ရှင်ကားသည် မြဲတဲ့သစ္စာ ရုပ်ရှင်ကားဖြစ်မည်လား။ ဖြစ် ပါစေဟုကား မြန်မာပြည်သူအများ စောင့်စားမျှော်လင့်လျက်ရှိပေသည်။
အမှန်ဆိုလျှင် ပြည်ထောင်စုမြန်မာ နိုင်ငံတော်တွင် နိုင်ငံတော်သမ္မတဖြစ်ရန် ကိစ္စမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရည်မှန်းသည့် အနိ္ကမ ပန်းတိုင်မဟုတ်ချေ။
ဒေါ်အောင်ဆန်းစုကြည်သည်မြန်မာ ပြည်တွင် နိုင်ငံတော်သမ္မတဖြစ်ရန် ရည် ရွယ်ချက်တစ်ခုတည်းဖြင့် လာခဲ့ခြင်း မဟုတ်။ လင်ပစ်၊ သားပစ်နှင့် ခင်ပွန်း ဖြစ်သူ မစ္စတာမိုက်ကယ်အဲရစ် ကွယ်လွန် ခဲ့စဉ်က နောက်ဆုံးမျက်နှာကို အသုဘ ရှုသွားကြည့်ဖို့ အခွင့်အရေးကို အသည်း နင့်နင့် စွန့်ပယ်ခဲ့သည့် သာဓကရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်သို့ ရောက်လာခဲ့သော ၁၉၈၇ ခုနှစ်က မိခင် ကြီး ဒေါ်ခင်ကြည် မကျမ်းမမာဖြစ်နေ သည်။ မိခင်ကြီး၏ ကျန်းမာရေးကို ပြုစု စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် ဒေါ် အောင်ဆန်းစုကြည်မြန်မာပြည်သို့ရောက် ခဲ့စဉ်က မြန်မာပြည်တွင် ပြည်သူတို့သည် မျက်သလဲဆန်ပြာဘ၀ကို ကြုံနေရသည်။ ၁၉၈၅ ခုနှစ်တွင် ဖျက်သိမ်းလိုက်သော ငွေစက္ကူများကို တစ်နှစ်ခြားအတွင်းမှာပင် လမ်းစဉ်ပါတီအစိုးရသည် ၁၉၈၇ ခုနှစ် တွင်တဖန် ငွေစက္ကူများ တန်ဖိုးဖျက်သိမ်း ပြန်သည်။ ထိုနှစ်တွင်ပင် လမ်းစဉ်ပါတီ အစိုးရ၏ မေတ္တာရပ်ခံမှုကြောင့် ကုလသမဂ္ဂသည် မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက် မှုအနည်းဆုံးနိုင်ငံစာရင်းတွင်ထည့်သွင်း ကြေညာခဲ့သည်။ Lease Development Country L.D.C ဆိုကြပါစို့။ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဤအတောအတွင်း ၁၉၈၈ခုနှစ်ဘုန်းမော်အရေးအခင်းပေါ်ပေါက်၊ တက္ကသိုလ်ကျောင်းသားများ ဦးဆောင် သောရှစ်လေးလုံးဒီမိုကရေစီအရေးတော် ပုံကြီး ဖြစ်ပွားခဲ့သည်။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၅ရက်နေ့၊ရွှေတိဂုံအနောက် ဘက်မုခ်၊ လူထုအစည်းအဝေးပွဲကြီးတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည် ပြည်သူလူထုရှေ့မှောက် ပထမဆုံးရောက်သည်။
ထို့နောက်၊ ထို့နောက် ၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည် ထောင်၊ ဒေါ်အောင်ဆန်းစုကြည်အထွေ ထွေအတွင်းရေးမှူး။ ၁၉၉၀ ပါတီစုံ ဒီမို ကရေစီရွေးကောက်ပွဲ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်က ၈၀ ရာခိုင်နှုန်းပြည်သူ့ ဆန္ဒဖြင့် အနိုင်ရ။ ၁၉၉၅ ခုနှစ် ဇူလိုင် ၁၀ ရက် အိမ်အကျယ်ချုပ်ဘ၀မှ လွတ် မြောက်၊ နေအိမ်ရှေ့၌ စနေနေ့၊ တနင်္ဂနွေ နေ့ တရားပွဲများ စည်ကားစွာကျင်းပ လူထုကြီး အုံးအုံးထ။ သည်အတွင်း မြစ်ဝကျွန်းပေါ်ခရီး၊ ဒလမြို့နယ်ခရီး၊ အထက်မြန်မာပြည်ခရီးတို့တွင်ဒေါ်အောင် ဆန်းစုကြည်ကို တားဆီးခံရ။
ထိုမှတစ်ဆင့် ကမ္ဘာကျော် ဒီပဲယင်း အရေးတော်ပုံကြီး ဖြစ်ပေါ်၊ ဒေါ်အောင် ဆန်းစုကြည် ပထမ အင်းစိန်ထောင် အချုပ်၊ နောက် အိမ်အကျယ်ချုပ်ခံရ။
ဘယ်ကပေါ်လာမှန်းမသိသော ဂျွန်ရက်တော် အမည်ရှိ အမေရိကန်တစ် ယောက်အိမ်ထဲခိုးဝင်သည့်ကိစ်္စ၊ ထောင် ဒဏ် ၃နှစ် ထပ်မံအပြစ်ခံရပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင်နေအိမ်အကျယ် ချုပ်မှလွတ် ၂၀၁၂ ဧပြီ ၁ရက်နေ့ ရွေး ကောက်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ၄၃ ဦးကို ခေါင်းဆောင် လျက် နေပြည်တော်ပြည်သူလွှတ်တော် သို့ ခန့်ခန့်ညားညား ၀င်ခဲ့ပြီ။
ယခုအခါ ၂၀၁၅ ခုနှစ် ပါတီစုံဒီမို ကရေစီရွေးကောက်ပွဲကြီးသည် တံခါး ခေါက်သံပေးလျက်ရှိပြီ။ သည်အချိန်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်သည် မိမိနိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခွင့်ရမှသာ မြန်မာ ပြည် ဒီမိုကရေစီခရီးတွင် ဆူး၊ငြောင့်၊ ခလုတ်၊ ကန်သင်းများ ရှင်းလင်းအောင် မြင်နိုင်ပေမည်ဟု တဖွဖွဆိုခဲ့ပြီးပြီ။
မြန်မာစကားပုံရှိခဲ့ဖူးသည်။ ““လှံဖျား ပုဇဉ်းနားတော့ ကျီးကန်းအညစ်အကြေး ပါသတဲ့””။ မေးပါရစေ။ လှံဖျားပေါ်တွင် ရင်ကိုကော့၍ နားနေရဲသော ပုဇဉ်းသည် မည်သူပါနည်း။ စိုးရိမ်စိတ်မပွားကြပါနှင့်။ ပြောပါမည်။ လှံဖျားပေါ်က ပုဇဉ်းသည် ငြိမ်းချမ်းရေးပုဇဉ်း၊ အေးချမ်းခြင်းပုဇဉ်း၊ ဆွေးနွေးခြင်းသူတော်စင်ပုဇဉ်းပါတည်း။
တက္ကသိုလ်စိန်တင်
hot news
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...