ဘဝသံသရာ
ရေး၊ဆို- ဆရာကြီးဦးသုခ
ဘ၀သံသရာ ရှည်လျားထွေပြား မနေမနား တသွားတည်း သွားကြတာ . . . ။ (၂-ကြိမ်)
ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက်ထွက်ခွါလာ.. ။ (၂-ကြိမ်)
လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ ပျော်လိုက် ရွှင်လိုက်၊ငိုကာ ရယ်ကာ ဘယ်ဟာ မတည်မြဲ ဖောက်လွဲ ဖောက်ပြန် အကြောင်းကံ ကမ္မဿကာ . .။
ဩော် . . . လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ . . . တဲ့ ၊ ပျော်လိုက် ရွှင်လိုက်၊ ငိုကာ ရယ်ကာ ဘယ်ဟာ မတည်မြဲ ဖောက်လွဲ ဖောက်ပြန်
အကြောင်းကံ ကမ္မဿကာ . . . ။
တွေ့ကြုံ.. ဆုံကွဲ.. ခရီးတည်း.. ၀မ်းနည်း.. ၀မ်းသာ.. ၀ိပ္ပလ္လာ။
ဖြစ်ချင်တာလဲ မဖြစ်ရပါ၊ မဖြစ်ချင်တာလဲ ဖြစ်ရမှာ . . . ။
ဩော် . . . ဖြစ်ချင်တာတွေလဲ မဖြစ်ရပါ၊ မဖြစ်ချင်တာတွေလဲ ဖြစ်ရမှာ . . .။
ဟင်း . . . သုံးဆယ့်တစ်ဘုံ ၀ဋ်အတွင်းရောက်တော့ ကရွတ်ကင်းလျှောက်တဲ့…..
တေးဘုမ္မာ . . . အဲဒါ.. အဲဒါ.. အဲဒါ.. ဘ၀သံသရာ။
ဘ၀သံသရာ ရှည်လျားထွေပြား မနေမနား တသွားတည်း သွားကြတာ . . . ။
“ ဘ၀ဆိုတာ သတ္တ၀ါတစ်ခုရဲ့ ဇာတိက(မွေးဖွားခြင်း)အစ မရဏ(သေဆုံးခြင်း)အအထိ
အဲဒီကာလလေးလို့ သိကြရပါတယ်။ အဲဒီ ဘ၀ဟာ တစ်ဘ၀ထဲနဲ့ ပြီးသွားကြမလား ?
ဘ၀ပေါင်းများစွာ ရွေ့လျာနေရတဲ့အတွက် သံသရာရယ်လို့ ဘုရားဟောတော်မူခဲ့ပါတယ်။
အဲသလို ဘ၀သံသရာမှာ ဒီဘ၀ ဒီခန္ဓာ ဒီရုပ်၊ ဟိုဘ၀ ဟိုခန္ဓာ ဟိုရုပ်၊ ဗြဟ္မာပြည် တ၀င်းဝင်း ၀က်စားကျင်း တရှုတ်ရှုတ် ကမ္မဆိုတဲ့ စက်ခလုပ်ကြောင့် အရုပ်များ လှမ်းသလို လှမ်းနေကြရတာက . . .
(ခရီပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက်ထွက်ခွါလာ ။
အဲသလို သံသရာ မဆုံးမချင်း သွားကြရတာက ဘယ်သူတွေရဲ့ ပယောဂပါလဲ?
စဉ်းစားကြည့်လိုက်တော့ . . .
(ဩော် . . . လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ . တဲ့ . . . ။ )
အရင်းစစ်လိုက်တော့ အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ ဆိုတဲ့အတိုင်း စုံလုံးကန်းတဲ့ အ၀ိဇ္ဖာကြောင့် သင်္ခါရဆိုတဲ့ ပြုပြင်တာတွေ စီမံတာတွေ ခံနေကြရတာပါပဲ။ ဒါကို ဘ၀တိုင်း၊ ဘ၀တိုင်း ကောင်းတာလေးတွေ့တော့ ပျော်လိုက်ကြ၊ မြူးစရာလေးတွေ့ တော့ ရွှင်လိုက်ကြ ၊ ဒုက္ခဆင်းရဲတွေ့တော့ ငိုလိုက်ကြ၊ ကိုယ်လိုချင်တာလေး ရတော့ ရယ်လိုက်ကြ၊ ဒါပေမဲ့ ဘယ်ဟာမှ မမြဲကြပါဘူး။
တွေ့တယ် ကြုံတယ် ဆုံတယ် ကွဲတယ် ၀မ်းနဲဝမ်းသာ ၀ိပ္ပလ္လာသတရားတွေမို့
ဖြစ်ချင်တာလဲ ဖြစ်ချင်မှ ဖြစ်ကြမယ်။ မဖြစ်ချင်ပါဘူးဆိုလဲ မဖြစ်မနေ ဖြစ်ကြရမယ် ။
အဲဒီလို တေးဘုမ္မက ၀ဋ်ဒုက္ခဆိုတဲ့ ၃၁-ဘုံက လွတ်ကင်းအောင်လို့ ဇွတ်အတင်းထွက်နိုင်ကြဖို့ကလဲ သန်းခေါင်လကွယ် တောအုပ်ကျယ် လမ်းမှားနေကြတဲ့ ခရီးသွားများသဖွယ် ကရွတ်ပေါ် ကင်းများ လျှောက်သလို ၀ိုင်းကြီးပတ်လဲ ဘ၀မဆုံးဘဲနဲ့ ဒုက္ခတုံးကြီး ရင်ဝယ်ပိုက်နေကြရတဲ့အတွက် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာတွေ ရင်ဝယ်ပိုက်နိုင်အောင် ကြိုစားကြဖို့ ။
သုံးဆယ့်တစ်ဘုံ ၀ဋ်အတွင်းရောက်တော့ ကရွတ်ကင်းလျှောက်တဲ့ တေးဘုမ္မာ . .
အဲဒါ.. အဲဒါ.. အဲဒါ.. ဘ၀သံသရာ
င်္င်္FB မှ
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...