ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီ ခွဲတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်ရှိ သာသနာ့မဟာဗိမာန်တော်၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင် ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်ကြီးများ၊ ဥပ္ပါတသန္တိစေတီတော် ဂေါပက အဖွဲ့ သြဝါဒါ စရိယ ဆရာတော်ကြီးများ၊ နေပြည်တော်ကောင်စီ နယ်မြေမှ ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော် မူကြပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့်ဇနီး၊ ဦးဉာဏ်ထွန်းနှင့်ဇနီး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲ များ၊ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ဝတ်အသင်းအဖွဲ့ဝင်များ တက်ရောက် ကြည်ညို ကြသည်။
အခမ်းအနား မစတင်မီ နိုင်ငံတော်သမ္မတသည် သာသနာ့ မဟာဗိမာန်တော်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်းနှင့် သစ်သီး ဆွမ်းများ ကပ်လှူပြီး ဖူမြော် ကြည်ညိုသည်။
ထို့နောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပရာ ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ ထံ နိုင်ငံတော်သမ္မတ အမှူးပြုသော ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက နိုင်ငံတော်သဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီးက သီရိလင်္ကာနိုင်ငံမှ ဆက်ကပ်လှူဒါန်းသည့် ဗုဒ္ဓစွယ်တော်၊ ဓါတ်တော်နှင့် ဆံတော်တို့ကို ပြန်လည်ချီးမြှင့်သည်။
ဆက်လက်၍ ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့်ဇနီး၊ ဦးဉာဏ်ထွန်းနှင့်ဇနီးနှင့် တက်ရောက်လာကြ သူများက ဆရာတော်ကြီးများထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မုံရွာမြို့ ဓမ္မပါရဂူ ပါဠိတက္ကသိုလ် ကျောင်းတိုက် ပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဏိတ ဘဒ္ဒန္တ အရိယာလင်္ကာရ ထံမှ အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေကြသည်။
အခမ်းအနား အပြီးတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ကြွရောက်တော်မူကြသည့် ဆရာတော်ကြီးများအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။
From:သမ္မတ၇ုံး
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...