ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ နာယက၊ ဥက္ကဋ္ဌနှင့် အမှုဆောင် အဖွဲ့ဝင်များအား ယနေ့ညနေ ၃ နာရီတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးစိုးသိန်းနှင့် ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်တင့်ဆွေနှင့် အဖွဲ့ဝင်များ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့နာယက အစ္စလာမ်ဘာသာဝင် သံအမတ်ကြီး (အငြိမ်းစား) ဦးလှမောင်၊ ဥက္ကဋ္ဌ ဗုဒ္ဓဘာသာဝင် သံအမတ်ကြီး (အငြိမ်းစား) ဦးစိန်ဝင်းအောင်၊ ဒုတိယဥက္ကဋ္ဌ အစ္စလာမ်ဘာသာဝင် ဦးညွန့်မောင်သျှိန်၊ အတွင်းရေးမှူး ခရစ်ယာန်ဘာသာဝင် ဦးသာဉာဏ်နှင့် ဟိန္ဒူဘာသာအဖွဲ့နာယက ဦးရွှေ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်း စစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင် နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်တွင် ရာဇဝတ်မှုခင်းတစ်ခုကို အကြောင်းပြုပြီး လူ့အသိုင်းအဝိုင်း နှစ်ခုကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခသည် ပြည်တွင်းအခြေအနေမှ ဒေသတွင်းအရေးကိစ္စ၊ နိုင်ငံတကာအရေးကိစ္စ အဖြစ် ရောက်ရှိ သွားနိုင်ကြောင်း၊ ထိုသို့ဖြစ်ပေါ်ခဲ့လျှင် မိမိနိုင်ငံပုံရိပ်နှင့် ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကိုပါ ထိခိုက်စေနိုင်သည်ဟု မိမိမိန့်ခွန်းများတွင် အကြိမ်ကြိမ်ထည့်သွင်းသတိပေးခဲ့ကြောင်း၊ ယခုအခါ မိမိစိုးရိမ်ခဲ့သည့်အတိုင်း လူအုပ်စု နှစ်ခုအကြား ဖြစ်ပွားခဲ့သည့်ပဋိပက္ခကို လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခအဖြစ် ဒေသတွင်းအရေး ကိစ္စ၊ နိုင်ငံတကာအရေး ကိစ္စအဖြစ် ပုံဖော်ပြီး ကုလသမဂ္ဂမျက်နှာစာတွင် တင်ပြရန် ကြိုးစားမှုများ စတင်တွေ့ရှိလာရပြီ ဖြစ်ကြောင်း၊
မိမိတို့နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အစ္စလာမ်ဘာသာအပါအဝင် ဘာသာကြီးလေးခုကို အသိအမှတ်ပြု ကာကွယ် စောင့်ရှောက်ရမည့် ပြဌာန်းချက်များ ပါဝင်ပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုများကို လုံးဝ လက်မခံကြောင်း၊ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည် ရာဇဝတ်မှုတစ်ခုကို အကြောင်းပြုပြီး ဒေသအလိုက် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသာ ဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း ယခုခရီးစဉ်အတွင်း အထက်ပါ အခြေအနေကို အခိုင်အမာရှင်းပြခဲ့ကြောင်း။
မိမိတို့နိုင်ငံ ကမ္ဘာ့အလယ်မှာ မျက်နှာမပျက်ရအောင် မိမိတို့အသီးသီး တာဝန်ယူဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အဓိကအားဖြင့် မိမိတို့ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် သုံးခုရှိကြောင်း၊ ပထမလုပ်ငန်းစဉ်မှာ ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသများ၏ ပြန်လည် ထူထောင်ရေး၊ ရေရာချထားရေး ကိစ္စများကို ဦးစားပေးဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ဒုက္ခသည်ပေါင်း တစ်သိန်းကျော်ကို နိုင်ငံတော်က နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းစောင့်ရှောက်ထားရကြောင်း၊ ၎င်းတို့ အတွက် နိုင်ငံတော် မှ ရန်ပုံငွေ ခြောက်ဘီလံယံကျော် သုံးစွဲခဲ့ပြီးဖြစ်ကြောင်း၊ ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်သူများကို ထိထိရောက်ရောက် အရေးယူပြီးဖြစ်သကဲ့သို့ ဆက်လက်ဖော်ထုတ် အရေးယူရန်လိုကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့်လည်း မိမိတို့၏ တာဝန်ဝတ္တရားများကို တိတိကျကျ ဆောင်ရွက်ရန် လိုကြောင်း။
ဒုတိယလုပ်ငန်းစဉ်မှာ နောက်ထပ်ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရေးအတွက် ကာကွယ်ရန် ဖြစ်ကြောင်း၊ ထိုလုပ်ငန်း ကို နိုင်ငံတော်အစိုးရက ဆောင်ရွက်သကဲ့သို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့အနေဖြင့် ဗဟိုတွင်သာမက တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်များတွင်လည်း အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်စေလိုကြောင်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့်လည်း လူ့အခွင့်အရေး၊ ဘာသာရေး လွတ်လပ်ခွင့်များနှင့် ပတ်သက်ပြီး ပြည်သူများ ကို အသိပညာပေးရန် လိုကြောင်း။
တတိယလုပ်ငန်းစဉ်မှာ ပဋိပက္ခဖြစ်ပွားစေသည့် အကြောင်းအရင်းများကို ဖြေရှင်းရမည့် ရေရှည်လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပညာရေး၊ ကျန်းမာရေး အပါအဝင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ရန် နှင့် ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်၏ အကြံပြုချက်များကိုလည်း ဆက်လက်ဆောင်ရွက်ရန် လိုကြောင်း ရှင်းလင်း ပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်ကို သိရှိနိုင်စေရန် အတွက် နိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေတွင် ပြဌာန်းထားသည့် နိုင်ငံသားဖြစ်မှု အခွင့်အရေးများ ရခိုင်ပြည်နယ်တွင် လူဦးရေစာရင်း မှန်ကန်စေရန်အတွက် (ဆွဲ၊ တင်၊ စစ်) စနစ်ဖြင့် ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသော အခက်အခဲများ၊ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှု အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ဒုက္ခသည် တစ်သိန်းနှစ်သောင်းကျော်ကို စားနပ် ရိက္ခာ ထောက်ပံ့ပေးမှု အခြေအနေ၊ နေအိမ်များ ပြန်လည်ဆောက်လုပ်ပေးမှုအခြေအနေ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရခိုင်ပြည်နယ်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူး၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးနာယက၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ဖြည့်စွက်ဆွေးနွေးကြသည်။
နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်သမ္မတက တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ပြန်လည်ဆွေးနွေးပြော ကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့တို့မှ အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
From:သမ္မတရုံး
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...