
မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ်တွင် ရေဖြန့်ဝေပေးရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် လိုအပ်သည့် နည်းပညာ အကူအညီပေးသွားမည်ဟု ပြင်သစ်နိုင်ငံမှ လာရောက်ကမ်းလှမ်း ထားကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ ရေနှင့် သန့်ရှင်းရေး ဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
"အမရပူရတစ်မြို့လုံးက အဝီစိ တွင်းတူးပြီး သုံးနေကြတာ။ စနစ်ကျတဲ့ ရေပေးဝေမှုစနစ် မရှိတဲ့အတွက် အမရပူရမှာလည်း စက်ရေတွင်းတူးပြီး ရေပေးမယ်ဆို တော့ ပြင်သစ်နိုင်ငံကနေ သူတို့လည်း နည်းပညာ အကူအညီပေးဖို့ လာရောက် လေ့လာချင်တယ် ဆိုပြီး ကမ်းလှမ်းထားတယ်။ အထက်ကို တင်ပြပြီးလို့ ခွင့်ပြုမယ် ဆိုရင်တော့ ရှေ့လပိုင်းလောက်ကို လာဖြစ်လိမ့်မယ်" ဟု ၄င်းကဆိုသည်။
မန္တလေးခရိုင် ငါးမြို့နယ်တွင် ရေပေး ဝေရေးစနစ် ရှိသော်လည်း အမရပူရမြို့နယ် တွင် အဆိုပါစနစ် မရှိသည့်အတွက် အမရပူရ မြို့နယ် ဈေးချိုရပ်ကွက်တွင် စက်ရေတွင်း တူးကာ ရေဖြန့်ဝေပေးရန် ယခုဘဏ္ဍာနှစ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၄င်းက ပြောကြား သည်။
"မြေနမူနာ စမ်းသပ်တာတွေ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ကွင်းဆင်း လေ့လာတာတွေ လုပ်ပြီးပြီ။ ဒီနှစ်အတွင်း အပြီးလုပ်ဖို့ ဘတ်ဂျက် လျာထားပြီးပြီ။ ရေကြောအခြေ အနေကိုကြည့်ပြီး ခြောက်လက်မ၊ ရှစ်လက်မ ပိုက်တွေနဲ့ ရေဖြန့်ပေးမှာပါ" ဟု ရေနှင့် သန့်ရှင်းရေးဌာန အကြီးတန်းအရာရှိ တစ်ဦးက ဆိုသည်။
ယင်းစီမံကိန်းတွင် မြေအောက် ရေကန်တည်ဆောက်ခြင်း၊ စင်မြင့်ရေကန် တည်ဆောက်ခြင်း၊ လျှပ်စစ်သွယ်တန်းခြင်း၊ စက်ရေတွင်းတူးခြင်းတို့ ပါဝင်မည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။
"မန္တလေးလိုမျိုး မီတာရေပေးမယ် ဆိုလည်း မယူပါဘူး။ မီတာရေဆိုရင် သူတို့ ပေးတဲ့အချိန် စောင့်နေရဦးမယ်။ ကိုယ့်စက်နဲ့ကိုယ် ဆိုတော့ ကြိုက်တဲ့အချိန် ရေတင်ပြီးသုံးရုံပဲ" ဟု အဆိုပါ ဈေးချို ရပ်ကွက်အနီး ပလွေတန်းရပ်ကွက်တွင် နေထိုင်သူ ဦးညီညီက ဆိုသည်။
From:The Voice
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...