ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ( ၁၁ /၂၀၁၃ )
၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်
(၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်)
ရေဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးနှင့်
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှု သတင်းထုတ်ပြန်ခြင်း
၁။ ၂၇-၇-၂၀၁၃ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး
မြစ်ရေကြီးမှုများကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ
မြို့နယ်အချို့တွင် လွှေမ်းမိုးကာ ရေဘေးဒုက္ခများ ဖြစ်ပေါ်လျက်ရှိသည်။
၂။ ကရင်ပြည်နယ်အတွင်း ဘားအမြို့နယ်၊
လှိုင်းဘွဲ့မြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊
မြဝတီမြို့နယ်နှင့် ကမမောင်းမြို့နယ်ခွဲတို့တွင် အိမ်ထောင်စုပေါင်း (၆၇၃၃)
စု မှ လူ (၃၃၄၀၉) ဦး တို့ ရေဘေးဒုက္ခ ကြုံတွေ့သဖြင့် ကယ်ဆယ်ရေးစခန်း (၇၉) ခု
ဖွင့်လှစ်ကူညီလျက်ရှိသည်။ ကရင်ပြည်နယ် အတွင်း ရေလွှမ်းမိုးမှုကြောင့်
လူ(၃)ဦး သေဆုံးကာ (၁)ဦး ပျောက်ဆုံးလျက်ရှိပြီး၊ ပျက်စီးဆုံးရှုံးမှုများမှာ
အောက်ပါအတိုင်းဖြစ်သည်-
(က) သင်္ကန်းညီနောင်-ကော့ကရိတ် ကားလမ်းတွင် တောင်ပြိုပိတ်ဆို့မှု ၂၅ နေရာ၊
(ခ) တံတားပျက်စီးမှု ၁ စင်း၊
(ဂ) ခေတ္တပိတ်ထားရသော စာသင်ကျောင်း ၂၄၅ ကျောင်း၊
(ဃ) စပါးခင်းရေနစ်မြုပ်မှု ၃၀၉၀၇ ဧက။
၃။ အလားတူ မွန်ပြည်နယ်အတွင်း ဘီးလင်းမြို့နယ်၊
ကျိုက်မရောမြို့နယ်နှင့် ရေးမြို့နယ် တို့တွင် လည်း ရေလွှမ်းမိုးမှုများ
ဖြစ်ပေါ်ခဲ့ရာ အိမ်ထောင်စုပေါင်း (၁၀၅၀) စု မှ လူ (၄၆၈၀) ဦးတို့ ရေဘေးဒုက္ခ
ကြုံတွေ့ခဲ့ရပြီး၊ ကယ်ဆယ်ရေးစခန်း (၃၄)ခု ဖွင့်လှစ်ကူညီခဲ့သည်။
ယနေ့နံနက်တွင် ဘီးလင်းမြို့နယ် နှင့် ရေးမြို့နယ်တို့တွင် မြစ်ရေ
ပြန်လည်ကျဆင်းသွားသဖြင့် ရေဘေးသင့်ပြည်သူများမှာ ၎င်းတို့၏ နေအိမ်များသို့
ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။ ဘီးလင်းမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း
(၁)ခုနှင့် ကျိုက်မရောမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း(၃)ခု ဆက်လက်ဖွင့်လှစ်၍
ကူညီစောင့်ရှောက်လျက်ရှိသည်။
၎။ နိုင်ငံတော်သမ္မတသည်
ရေလွှမ်းမိုးမှုဖြစ်ပွားသည်ကို သိလျှင်သိချင်း (၃၁-၇-၂၀၁၃) ရက်တွင် ဒုတိယသမ္မတ
ဦးဉာဏ်ထွန်း ဦးဆောင်သည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်
တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သော ကြီးကြပ်ကွပ်ကဲရေးအဖွဲ့အား
ကူညီကယ်ဆယ်ရေးနှင့် ပုံမှန်အနေအထားသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိအောင်
ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် တို့အတွက်
ရေဘေးသင့်ဒေသများသို့ စေလွှတ်ခဲ့သည်။
၅။ ရေဘေးဒုက္ခဖြစ်ပေါ်လျှင်ဖြစ်ပေါ်ချင်း
ကရင်ပြည်နယ်အစိုးရနှင့် မွန်ပြည်နယ် အစိုးရတို့သည် ဌာနဆိုင်ရာများ၊
တပ်မတော်တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၏
အကူအညီ ရယူ၍ ရေဘေးသင့်ပြည်သူများအား အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ
ဆောင်ရွက်ပေးခဲ့သည်။ ထိုင်းနိုင်ငံ လူမှုရေးအဖွဲ့အစည်းများကလည်း
အိမ်နီးချင်းကောင်းပီသစွာဖြင့် ကရင်ပြည်နယ် မြဝတီမြို့ရှိ
ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများနှင့်အတူ ကူညီပေးလျက်ရှိသည်။
၆။ ကရင်ပြည်နယ်၊ ဘားအမြို့သို့ ရောက်ရှိနေသော
ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးစီးသည့် အဖွဲ့သည် ပြည်နယ်အစိုးရ၊ တပ်မတော်၊
လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အရေးပေါ် ကယ်ဆယ်ရေး၊
ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို
အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။
၇။ ရေဘေးသင့်ပြည်သူများအား အရေးပေါ် စားနပ်ရိက္ခာ၊
အဝတ်အထည်၊ ဆေးဝါးနှင့် အလှူငွေများ လှူဒါန်းလိုပါက ကရင်ပြည်နယ်အစိုးရအဖွဲ့
အတွင်းရေးမှူး (ဖုန်းနံပါတ် ၀၅၈-၂၁၁၈၂ ၊ ၀၅၈-၂၃၂၁၆၊ ၀၉၈၇၂၀၈၉၈) နှင့်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
(ဖုန်းနံပါတ် ၀၆၇-၄၀၄၀၅၀၊ ၀၉၈၆၀၀၀၂၅) တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း
သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...