"ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းက ၈၀ ရာခိုင်နှုန်းလောက် ပြီးနေပြီ။
ရွှေဂုံတိုင် ခုံးကျော်တံတားကလည်း အဲဒီလောက် ပြီးနေပါပြီ။
ဒီနှစ်ကုန်ပိုင်းမှာ အပြီးသတ် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်" ဟု
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး ဖြစ်ပွားသည့် လမ်းဆုံများဖြစ်သော လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် တာမွေငါးလမ်းဆုံ မီးပွိုင့်တို့တွင် ခုံးကျော်တံတားများ တည်ဆောက်ရန် စီစဉ်ခဲ့ကြောင်း၊ ထို့နောက် လှည်းတန်းခုံးကျော်တံတားကို စတင်ဆောက်လုပ်ခဲ့ပြီး တာမွေငါးလမ်းဆုံ မီးပွိုင့်မှာမူ ခုံးကျော်တံတား ဆောက်လုပ်ရန် မလိုအပ်ခြင်းကြောင့် မဆောက်လုပ်ဖြစ်ခဲ့တော့ကြောင်း ထုတ်ပြန်ခဲ့သည်။
လှည်းတန်းခုံးကျော်တံတားအား ယခုနှစ် ဧပြီ ၁၀ ရက်တွင် စတင်အသုံးပြုခွင့် ပေးခဲ့ကြောင်း သိရသည်။
လှည်းတန်းခုံးကျော်တံတား ဆောက်ပြီးသော်လည်း ယင်းအနီးတစ်ဝိုက်သာ ယာဉ်ကြောပိတ်ဆို့မှု ပြေလည်ပြီး တံတားအဆင်းဖြစ်သော စိုက်ပျိုးရေးမှတ်တိုင် အနီးမှ စတင်၍ ယာဉ်များပိတ်ဆို့နေကြောင်း သိရသည်။
ယခုရွှေဂုံတိုင်နှင့် ဘုရင့်နောင်လမ်းဆုံ ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်များကြောင့်လည်း အနီးပတ်ဝန်းကျင်များတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားနေပြီး အချိန်များစွာ ကုန်ဆုံးနေရကြောင်း ယာဉ်မောင်းများက ဆိုသည်။
ရွှေဂုံတိုင် ခုံးကျော်တံတားအား နိုဝင်ဘာလ တတိယပတ်တွင် အပြီးတည်ဆောက်မည်ဟု တံတားအား တာဝန်ယူ တည်ဆောက်နေသည့် Capital Development Co.Ltd မှ ထုတ်ပြန်ထားပြီး ဘုရင့်နောင် ခုံးကျော်တံတားကိုလည်း ဒီဇင်ဘာလတွင် အပြီးတည်ဆောက် သွားမည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။
ယခုလက်ရှိ ရွှေဂုံတိုင် ခုံးကျော်တံတားတွင် တံတားသံပေါင်များ တပ်ဆင်ခြင်းများ ပြုလုပ်နေသောကြောင့် ရွှေဂုံတိုင်လမ်းဆုံအား ကမ္ဘာအေး ဘုရားလမ်းပေါ်မှ ဖြတ်သန်းသွားလာခြင်းအား ဇီဝိတဒါန သံဃာ့ဆေးရုံရှေ့ထိ ပိတ်ထားပြီး မီးပွိုင့်ဖြတ်သန်းယာဉ်များမှာ ရှောင်ကွင်းလမ်းများဖြစ်သည့် ရေတာရှည်လမ်း၊ အနောက်ရွှေဂုံတိုင်လမ်းများမှ ဖြတ်သန်းသွားလာ နေရသည်။
(ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်ရေးလုပ်ငန်း မြင်ကွင်းအား စက်တင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်))

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...