မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်း၌ ရပ်နားထားသော
ကုန်တင်ယာဉ်များအား တွေ့ရစဉ်
မြ၀တီ နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းမှ ဘဏ္ဍာနှစ်သစ်၏ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ် ငါးလတာ ကာလအတွင်း ကုန်သွယ်မှုပြုခဲ့သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂၁ ဒသမ ၄၁၅ သန်းရှိကြောင်း မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ သိရသည်။
တစ်နိုင်ငံလုံးရှိ နယ်စပ်စခန်းများ အတိုင်းအတာနှင့် သွင်းကုန်ကုန်သွယ်မှု ပမာဏမှာ ငါးလအတွင်း အမေရိကန်ဒေါ်လာ ၇၁၀ သန်းကျော်ဖိုး ကုန်သွယ်နိုင်ခဲ့ပြီး ပို့ကုန်တင်ပို့မှုမှာ တန်ဖိုးအားဖြင့် ၁၁၇၁ ဒေါ်လာသန်းကျော် ကုန်သွယ်နိုင်ခဲ့၍ ပို့ကုန်ကုန်သွယ်မှု များပြားခဲ့သော်လည်း မြ၀တီနယ်စပ်စခန်း အနေဖြင့် ပြည်တွင်းသို့ သွင်းကုန်ကုန်သွယ်မှုတွင် လေးဆကျော် မြင့်တက်လျက်ရှိကြောင်း သိရသည်။
မြ၀တီနယ်စပ်မှ ပြည်တွင်းစားသုံးမှု ဈေးကွက်သို့ တင်သွင်းမှုမှာ ငါးလအတွင်း အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၄၄၃ သန်း ကုန်သွယ်နိုင်ခဲ့သလို ပြည်ပသို့ ပို့ကုန်တင်ပို့မှုတွင်လည်း အမေရိကန်ဒေါ်လာ၂၃ ဒသမ ၀၈ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။
မြ၀တီနယ်စပ်မှ ပြည်တွင်းသို့ တင်ပို့ရာတွင် ဆန်နှင့်လယ်ယာထွက် ပစ္စည်းများ၊ ငါး၊ ကဏန်းနှင့် ရေထွက်ပစ္စည်းများ အများဆုံး တင်ပို့ခဲ့ပြီး၊ သစ်တောထွက် ပစ္စည်းများ၊ သတ္တုတွင်းထွက် ပစ္စည်းများ တိရစ္ဆာန်ထွက် ပစ္စည်းများ တင်ပို့မှုမှာ မရှိသလောက် လျော့နည်းနေသေးကြောင်း သိရသည်။
ထို့ပြင် သစ်နှင့်သစ်အချောထည် ပစ္စည်းများမှာ တရားမ၀င် လမ်းကြောင်းမှ တင်ပို့နေမှု တွင်ကျယ်လျက်ရှိကြောင်း သောင်ရင်းကမ်းစပ်အနီး နေသူများထံမှ သိရသည်။
မြ၀တီနယ်စပ် ဒေါနတောင်ကျော် ကုန်သွယ်လမ်းမှ ပြည်တွင်းဈေးကွက်သို့ တင်သွင်းရာတွင် ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ၊ လုပ်ငန်းသုံးနှင့် လူသုံးကုန်၊ စားသုံးကုန်များ၊ ဓာတ်မြေသြဇာ၊ ဘိလပ်မြေ၊ စားအုန်ဆီ၊ အချိုမှုန့်နှင့် ဆိုင်ကယ်များ၊ ကားများတင်သွင်းလျက်ရှိကြောင်း သိရသည်။
တစ်ဖက်နိုင်ငံမှ တင်သွင်းသည့် ဆိုင်ကယ်များအများစုမှာ Honda Click၊ Honda Alpha၊ Dream၊ Wave အမျိုးအစားများဖြစ်ပြီး Honda Alpha အမျိုးအစားမှာ ဗီယက်နမ်နိုင်ငံမှ ထုတ်လုပ်ပြီး ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ တင်သွင်းလျက်ရှိကာ ဇွန်၊ ဇူလိုင်၊ သြဂုတ်သုံးလအတွင်း ၂၈၈၈၉ စီး တရားဝင် တင်သွင်းခဲ့ကြောင်း သိရသည်။

FROM-SA MAUNG
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...