သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 29, 2013

စစ်အာဏာရှင်တို့ရဲ့ ဒုတိယမ္ပိ ငရဲလမ်းစဉ်။


လူတွေရဲ့ ကိုးဆယ့်ကိုးရာခိုင်နှုန်းဟာ သူတို့ဘဝမှာ ဘာသာတရားနဲ့ ပတ်သက်ပြီး ရွေးချယ်ခွင့် မရခဲ့ကြဘူး။ ရွေးချယ်ခွင့် ရတဲ့အချိန်မှာလည်း မရွေးချယ်ရဲကြဘူး။ ဒါ့ကြောင့် ၉၉ % သော လူတွေ အတွက် ဘာသာတရား ဆိုတာဟာ သူတို့ဘဝမှာ ပြဌာန်းပေးခံလိုက်ရတဲ့ အရာဖြစ်လာတယ်။

လူတယောက်မှာ မွေးလာကတည်းက အပြဌာန်း ခံလိုက်ရတဲ့ အချက်တော်တော်များများ ရှိတယ်။ မွေးလာ တဲ့ ကလေးတယောက်ဟာ သူဘာလူမျိုးဖြစ်ချင်တယ်ဆိုတာ ရွေးချယ်ခွင့် မရှိဘူး။ သူ့မှာ အသားအရေ ဘာရောင်၊ ဆံပင်ဘာရောင်၊ မျက်လုံးဘာရောင်ဆိုတာကိုလည်း ရွေးချယ်ခွင့် မရှိဘူး။ ယောက်ျားဖြစ်ချင်သလား၊ မိန်းမဖြစ်ချင်သလား ဆိုတာလည်း သူ့မှာ ရွေးပိုင်ခွင့် မရှိဘူး။ အဖေ ဘယ်သူ အမေဘယ်သူ ဆိုတာလည်း သူ့မှာ ရွေးချယ်ခွင့် မရဘူး။ သူဘယ်နိုင်ငံသား ဖြစ်ချင်တယ်ဆိုတာလည်း ရွေးချယ်ခွင့် မရဘူး။ ဒီနေ့ခေတ်ကြီးမှာ ဆိုရင် ဆင်းရဲသား၊ သူဌေးဆိုတာကိုလည်း ရွေးချယ်ခွင့် မရဘူး။ လူတစ်ယောက်ဟာ မွေးလာကတည်းက ဆင်းရဲသား အဖြစ် ဒါမှမဟုတ် သူဌေး အဖြစ် မွေးလာပြီးသား ဖြစ်နေတယ်။ ဒါတွေအားလုံးဟာ လူတယောက်ဘဝမှာ မွေးရာပါ အပြဌာန်းခံလိုက်ရတဲ့ အရာတွေလို့ ခေါ် တယ်။ လူ့ရဲ့ မူလသဘာဝ ဖြစ်တဲ့ လွတ်လပ်ခြင်း ဆိုတဲ့ မွေးရာပါ ပိုင်ဆိုင်ပစ္စည်းနဲ့ အတူတူ ပါလာတဲ့ မွေးရာပါ နှောင်ကြိုးတွေလည်း ဖြစ်တယ်။ အဲသလို အပြဌာန်းခံရတဲ့ နှောင်ကြိုးတွေထဲမှာ စောစောက ပြော သလို ဘာသာရေးဟာလည်း တခုအပါအဝင်ပဲ။ လူတွေရဲ့ ၉၉ % ဟာ လူမှန်းသိတတ်ပြီး စဉ်းစားဆင်ခြင်တတ်တဲ့ အရွယ်ရောက်လို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်လိုက်တာနဲ့ တပြိုင်နက် တည်းမှာ သူတို့မှာ ကိုးကွယ်စရာ ဘာသာတခု အလိုလို ရှိနေပြီးသား ဖြစ်နေတာကို တွေ့ကြရတယ်။ ဒါဟာ ၉၉% သော လူတွေ ကြုံတွေ့ရင်ဆိုင်ကြရတဲ့ အဖြစ်အပျက်ပဲ။

လူတယောက်ကို အဲသလို မွေးကတည်းက ပါလာတဲ့ အပြဌာန်းခံ အချက်တွေကြောင့် ခွဲခြား ဆက်ဆံမယ်၊ အရေးယူ အပြစ်ပေးမယ် ဆိုရင် အဲဒီ အရေးယူ အပြစ်ပေးမှု၊ ခွဲခြား ဆက်ဆံမှုဟာ ဘယ်နည်းနဲ့ မှ တရားမျှ တတဲ့ လုပ်ရပ် ဖြစ်နိုင်မှာ မဟုတ်ဘူး။

လူတယောက်ဟာ မွေးကတည်းက မိန်းမအဖြစ်နဲ့ မွေးလာတယ်။ မိန်းမအဖြစ်နဲ့ မွေးလာလို့သူ့ကို ခွဲခြား ဆက်ဆံမယ်။ သူ့ကို အခွင့်အရေး တခုခု ဆုံးရှုံးစေမယ် ဆိုရင် တရားတယ်လို့ ဆိုနိုင်မလား။ ဘယ်လိုမှ တရား တယ်လို့ ဆိုနိုင်စရာ မရှိဘူး။ ဒီလိုပဲ လူတယောက်ကို မွေးရာပါ မည်းလာတဲ့ အသားကြောင့် တခြား လူတွေထက် အနှိမ်ခံရမယ်၊ အခွင့်အရေး တန်းတူမရဘဲ ခွဲခြား ဆက်ဆံခံရမယ် ဆိုရင် တရားပါ့မလား။ ဒါလည်း မတရားဘူး။ အလားတူပဲ လူတယောက်ဟာ မိခင့်ရိုးရာ၊ ဖခင့် အစဉ်အလာကို လိုက်ပြီး မိရိုးဖလာ လိုက်ပြီးယူလာတဲ့ ဘာသာတရားကြောင့် အပြစ်တင် အရေးယူခံရရင် တရားမျှတတယ်လို့ ဆိုနိုင်မလား။ ဘယ်လိုနည်းနဲ့မှ တရားမျှတတယ်လို့ မဆိုနိုင်ဘူး။

ခုတော့ မြန်မာပြည်မှာ မွတ်စလင်တချို့ဟာ ဘာမှ အပြစ်မရှိရှာဘဲ မွတ်စလင်ဖြစ်ခြင်းသက်သက်ကြောင့် အသတ်ဖြတ်ခံခဲ့ကြရတယ်။ အနည်းဆုံး မိတ္ထိလာမြို့မှာ သေဆုံးခဲ့ကြရတဲ့ မွတ်စလင် အများစုဟာတော့ဖြင့် ရင် ဘာမှ အပြစ်မရှိဘဲ၊ သေဆုံးခဲ့ရသူတွေ ဖြစ်တယ်လို့ တိတိကျကျဆိုနိုင်တယ်။ တောင်ကုတ်မှာ အသတ်ခံခဲ့ရတဲ့ အစ္စလာမ် ဘာသာရေးဆရာ ဆယ်ယောက်ဟာလည်း အပြစ်မရှိဘဲ အသတ်ခံခဲ့ရသူတွေ လို့ ဆိုနိုင်တယ်။ တချို့က ပြောကြလိမ့်မယ်။ မသီတာထွေးကို မွတ်စလင်တွေက သတ်လို့ အဲဒီ မွတ်စလင် တွေကို သတ်ခဲ့ကြတာ၊ ဒါ့ကြောင့် အဲဒီ မွတ်စလင် ၁၀ ယောက်သေတာဟာ တရားတယ်လို့....။ မိတ္ထိလာမှာ ဘုန်းကြီး ဦးသောဘိတ အသတ်ခံရလို့ မွတ်စလင် ၄၃ ယောက်အသတ်ခံရတာလည်း တရားတယ်လို့....။ အဲဒီလို ပြောဆိုချက် ယူဆချက်တွေဟာ တရားမျှတရဲ့လား အာဃာတတရားတွေကို ဘေးဖယ်ထားပြီး လွတ်လွတ်လပ်လပ် မျှမျှတတ စဉ်းစားကြဖို့ သင့်ပါပြီ။ မသီတာထွေးကို သတ်တဲ့သူဟာ လူသတ်သမားဖြစ်တယ်။ အဲဒီလူသတ်သမားက မသီတာထွေးကို သတ်တဲ့ အတွက်ကြောင့် သူနဲ့ အရောင်အသွေးတူ၊ လူမျိုးတူ၊ ဘာသာတူတဲ့လူတွေကို လိုက်သတ်တာဟာ တရားတယ်လို့ မဆိုနိုင်ဘူး။ ဘုန်းကြီး ဦးသောဘိတကို သတ်တဲ့လူဟာ လူသတ်သမား ဖြစ်တယ်။ ဘုန်းကြီး ဦးသောဘိတ အသတ်ခံရတဲ့ အတွက် သူနဲ့ ဘာသာတူတဲ့လူ ၊ အသွေးအရောင်တူတဲ့လူတွေကို လိုက်သတ်တာဟာ ဘယ်လိုနည်းနဲ့မှ တရားမျှတတယ်လို့ မဆိုနိုင်ဘူး။ ဒါဟာ သဘာဝမကျတဲ့ ယေဘုယျပြုမှု ဖြစ်တယ်။ အာဃာတ အခြေခံတဲ့ ယေဘုယျပြုမှုဖြစ်တယ်။ အမုန်းအခြေခံတဲ့ ယေဘုယျပြုမှုဖြစ်တယ်။ လူလူချင်း အကြားမှာ အားလုံးလူတွေပါလား ဆိုတဲ့ အသိစိတ်ပျောက်ကွယ်ပြီး လူလူချင်းကို ခွဲခြား ဆက်ဆံမှု ၊ ဂိုဏ်း ခွဲမှု ၊ သင်းခွဲမှု ဖြစ်တယ်။ ဂိုဏ်းခွဲ သင်းခွဲရာမှာလည်း အမုန်းစိတ် အခြေခံပြီး ဂိုဏ်းခွဲတဲ့ ခွဲခြားမှု ဖြစ်တယ်။ ခင်ဗျားကို ခွေးတကောင်က ကိုက်မယ်ဆိုပါတော့။ ဒါကို အာဃာတထားပြီး မြင်မြင်သမျှ ခွေးတွေကို လိုက်သတ်ရင် ခင်ဗျားရဲ့ စိတ်အနေအထားဟာ ပုံမှန်လို့ ဆိုနိုင်ပါ့မလား။ လူကို မဆိုထားနဲ့၊ ခွေးကို တောင် ဒီလို ယေဘုယျပြုရင် မတရားပါဘူး။

တကယ်ဆိုတော့ ကျွန်တော်တို့ အားလုံးဟာ လူတွေသာဖြစ်ကြတယ်။ ကျွန်တော်တို့အားလုံးဟာ ဒီလောက ကြီးထဲမှာ ဧည့်သည်ပမာ ခေတ္တခဏ အလည်ရောက်လာကြသူတွေဖြစ်တယ်။ ဘယ်လောက်အသက်ရှည် ရှည် ဒီနေ့ခေတ်မှာ လူတစ်ယောက်ဟာ နှစ်ပေါင်း ၂၀၀ နေရဖို့ မျှော်လင့်ချက် မရှိဘူး။ အများစုဟာ နှစ်ပေါင်း ၇၀၊ ၈၀ ကြာရင် ဒီလောကထဲက ပြန်ထွက်ခွာသွားကြရမယ့်သူတွေချည်းပဲ။ ဒီလောကကို ရောက်လာကြတဲ့ ကျွန်တော်တို့အားလုံးဟာ ဘဝကို မြတ်နိုးကြတယ်။ အသက်ရှင်ချင်ကြတယ်။ ခံစားတတ်ကြတယ်။ နာကျင်မှာ အသတ်ခံရမှာကို ကြောက်တတ်ကြတယ်။ ဒီလို သဘာဝရှိတဲ့ လူသားချင်း အတူတူ သူလည်းလူ ငါလည်းလူပါလားလို့ သဘောမထားဘဲ၊ သူတို့က မွတ်စလင်တအုပ်စု၊ ငါတို့က ဗုဒ္ဓဘာသာ တအုပ်စု၊ သူ့အုပ်စုကလူတွေက ငါ့အုပ်စုကို ဘယ်လို မတရားလုပ်တယ်။ သူ့အုပ်စုက ငါ့အုပ်စုကို ဘယ်လိုကျူးကျော်တယ်။ သူ့အုပ်စုကလူတွေကို ဘယ်လို ထိန်းချုပ်ရမယ်၊ ဘယ်လို တုတ်နှောင် ကန့်သတ်ရမယ်၊ ဆိုတဲ့ အတွေးအခေါ်အားလုံးဟာ ငါတကောကော ကောတဲ့ ဝါဒမဟုတ်ရင် ဘာဝါဒလို့ ခေါ်ဆိုကြမလဲ။ ဘာသာဆိုတာ တခုနဲ့ တခု ကွာကြတာချည်းပဲ။ ဘာသာဝင်တိုင်းကလည်း ကိုယ့်ဘာသာ ကိုယ်မှ အမှန်လို့ ထင်ကြတာချည်းပဲ။ ဒီကွဲပြားမှုဟာ သဘာဝတရားဖြစ်တယ်။ ဒီကွဲပြားမှုဟာ သဘာဝ တရား ဖြစ်သလို ဒီလူတွေအားလုံးဟာ လူတွေချည်းပဲ ဆိုတဲ့ တူညီမှုလည်း ရှိကြတယ်။ အဲဒီတူညီမှုဟာလည်း သဘာဝတရားပဲ ဆိုတာကို သဘောပေါက်ကြဖို့ လိုတယ်။ ကိုယ်နဲ့ မတူရင် ရန်သူလို့ သဘောထားတဲ့ အယူအဆဟာ အလွန်သေးသိမ်တဲ့ အယူဝါဒဖြစ်တယ်။ ငါ့လူမျိုးမှတကယ့်လူ၊ ငါ့ဘာသာမှ တကယ့်ဘာသာ ဆိုတဲ့ အယူဟာ အတ္တဝါဒဖြစ်တယ်။ အနတ္တဝါဒနဲ့ ဆန့်ကျင်ပါတယ်။ ဒီ့ထက် ပိုပြီး ပြင်းပြင်းထန်ထန် ပြောရရင် ငါ့လူမျိုးမှတကယ့်လူ၊ ငါလူမျိုးကိုချစ်ရမယ် ဆိုတဲ့ ဝါဒဟာ နာဇီဝါဒ ၊ ဖက်ဆစ်ဝါဒဖြစ်တယ်။ ကိုယ်နဲ့ မတူတဲ့လူကို ကန့်သတ်ရမယ် ၊ ထိန်းချုပ်ရမယ်လို့ ယူတဲ့ အယူအဆဟာ ရန်ကိုမွေးတဲ့ အယူအဆဖြစ်တယ်။ ဒေါသကို ဖြစ်စေတဲ့ အယူဖြစ်တယ်။ ဒီအယူဟာ ဓါးတွေလှံတွေထက် အန္တရာယ်ရှိတဲ့ အယူအဆဖြစ်တယ်။ အဲဒီအယူ အဆကြောင့် လူ့အသက်များစွာ သေကြေ ဆုံးရှုံး စေနိုင်တယ်။ သေလည်း သေခဲ့ပြီးဖြစ်တယ်။

ကိုယ်လည်းလူ၊ သူလည်းလူ လူလူချင်း ကိုယ်ချင်းစာတရား ထားဖို့လိုတယ်။ သူ့မှာလည်း ငါ့လို အသွေးနဲ့ အသားနဲ့ပါလားလို့ စာနာနားလည်တတ်ဖို့လိုတယ်။ ဒီလို မဟုတ်ဘဲ လူတဖက်သားကို ဒုက္ခရောက်စေချင်တဲ့ ဆန္ဒသဘောတရားဟာ သူတော်ကောင်းတရား မဟုတ်ဘူး။ မွတ်စလင်ရယ်၊ ဗုဒ္ဓဘာသာဝင်ရယ် မဟုတ်ဘူး၊ အားလုံးကို မေတ္တာတရား ထားအပ်တာချည်းပါပဲ။

ခုနေမြတ်စွာဘုရားရှင်သာရှိရင် မွတ်စလင်တွေကို ဘယ်လို သဘောထားမယ်လို့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ ဝင်တွေ ယူဆကြပါသလဲ။ ကျွန်တော်ကတော့ ဘုရားရှင်သာရှိရင် ဘုရားရှင်ဟာ မွတ်စလင်တွေကိုလည်း ရင်ဝယ်သားသဖွယ် သဘောထားလိမ့်မယ်လို့ ထင်မိတယ်။ ဒါဟာ ဘုရားရဲ့လမ်းစဉ်ပဲ။ ဘုရားရှင်ဟာ ဒီလမ်းစဉ်အတိုင်း တသမတ်တည်း ကျင့်သုံးပေလိမ့်မယ်။ ဒါဟာ သူတော်ကောင်းလမ်းစဉ်ပဲ။ သူတော်ကောင်း မှန်သမျှ ဒီလမ်းစဉ်ကို ကျင့်သုံးကြလိမ့်မယ်။

လူတဖက်သားကို စေတနာထားတာ ကောင်းစားစေချင်တာ မုဒိတာပွားတာဟာ သူတော်ကောင်းလမ်းစဉ်မဟုတ်ဘူးလား။ ဒီလမ်းစဉ်နဲ့ ဆန့်ကျင်ဖက်ကို ပြောရရင် လူတဖက်သားကို ပျက်စီးစေချင်တာဟာ သူယုတ်မာလမ်းစဉ်ပဲ။ ဒီနေရာမှာ လူတဖက်သားဆိုတာဟာ မိမိမဟုတ်တဲ့ တခြားလူအားလုံးကို ဆိုလိုတာဖြစ်တယ်။ မွတ်စလင်ဖြစ်ဖြစ် ၊ ခရစ်ယန်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ် လူဟာလူပဲ။ အဲဒီလူအားလုံးကို ဆိုလိုတယ်။ ဗုဒ္ဓဘာသာကို ပျက်စီးစေချင်တဲ့လူမှ သူယုတ်မာ၊ တခြားဘာသာဝင်တွေကို ပျက်စီးစေချင်တဲ့သူတွေတော့ သူယုတ်မာ အဖြစ်က လွတ်စေလို့ ဘုရားရှင်က သဘောပိုက်တော်မူလိမ့်မယ် မထင်ဘူး။ သူ့သာသနာကို ကာကွယ်ဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ တခြား ဘာသာဝင်တွေ အသတ်ဖြတ်ခံနေရတာကို ဘုရားရှင်သိရင် ဝမ်းမြောက်တော်မူလိမ့်မယ်လို့ ကျွန်တော်မထင်ဘူး။

အခု ဆရာတော်ဦးဝီရသူ ဘယ်လိုလူလဲဆိုတာ ရဟန်းရှင်လူ ပြည်သူတွေ သေသေချာချာ ချင့်ချိန် စဉ်းစားကြဖို့ သင့်ပါပြီ။ ဂိုဏ်းဂဏ အမြင်တွေခွာ၊ သူ့လူငါ့လူဆိုတဲ့ အစွဲတွေခွာပြီး ဦးဝီရသူ ဘယ်လိုလူဆို တာ စဉ်းစားကြည့်ကြပါ။ သူဟာ သူယုတ်မာလား၊ သူတော်ကောင်းလားဆိုတာ အားလုံးထင်ထင်ရှားရှား တွေးခေါ်နိုင်ကြပါလိမ့်မယ်။

ဦးဝီရသူ မန္တလေးမှာဟောတဲ့ တရားဗီဒီယိုခွေ တခွေကို ထောက်ပြပါရစေ။ မန္တလေးမှာ ၂၀၀၃ ခုနှစ်တုန်းက ဟောခဲ့တဲ့ အခွေလို့ ဗီဒီယို ကလစ် တင်ပေးတဲ့ ဒီမိုဖက်တီးက ရေးထားတဲ့ ကလစ်ကလေးပါ။ အဲဒီအထဲမှာ ဘာပြောထားသလဲဆိုတော့ မန္တလေးမှာ ကုလားတွေ စားစရာမရှိအောင် တပည့်တော် လုပ်ပြမယ်တဲ့။ စားစရာတင်မဟုတ်ဘူး၊ မန္တလေးမှာ ကုလားတွေ နေစရာ မရှိအောင်လည်း တပည့်တော် လုပ်ပြမယ်တဲ့။ ကုလားတွေဟာ ငါတို့ရန်သူဆိုတဲ့ အမုန်းစိတ် ဂိုဏ်းဂဏစိတ်ကလေးကိုခွာပြီး ခင်ဗျားတို့ စဉ်းစားကြည့်ကြ ပါ။ ဒါသူတော်ကောင်းတရားလား၊ ဒါသူတော်ကောင်းစကားလားဆိုတာ....။ သူတပါးကို ပျက်စီးအောင် လုပ်ပြမယ်လို့ ကြိမ်းဝါးတဲ့သူ ကြံစည်တဲ့သူဟာ သူယုတ်မာလား၊ သူတော်ကောင်းလား၊ ခင်ဗျားတို့ အစွဲတွေ ခွာပြီး အလေးအနက်စဉ်းစားကြည့်ကြပါ။ သူပြောနေတဲ့သူဟာ တချို့လူတွေ ရန်သူလို့ သတ်မှတ်ထားကြတဲ့ ကုလားမဟုတ်ဘဲ ခင်ဗျားတို့ မိသားစုသာဖြစ်မယ်ဆိုရင် ခင်ဗျားတို့ ဦးဝီရသူကို ဘယ်လိုထင်ကြမလဲ။ သူတော်ကောင်းလို့ မှတ်ယူနိုင်ကြပါ့မလား။ ဒီကုလားတွေ စီးပွားပျက်ဖို့ ဒီကုလားတွေဆီမှာ ဈေးမဝယ်ဖို့ ဦးဝီရသူဟာ တွင်တွင်ကျယ်ကျယ် ဝါဒဖြန့် ပြောဆိုပါတယ်။ ကုလားမကောင်းတာ၊ ကုလားမုဒိန်းကျင့်တာ၊ တွေကို စုစည်းပြီး ပြသပါတယ်။ အဲသလိုပြပြီး ကုလားမှန်သမျှ အတူတူ၊ မွတ်စလင်မှန်သမျှ အတူတူ၊ မွတ်စလင်မှန်သမျှ တို့ရန်သူဆိုတဲ့ စိတ်ဓါတ်ပွားများလာအောင် မွေးမြူပေးနေပါတယ်။ ယေဘုယျ ပြုပေးနေပါတယ်။ ဒီလိုဟောပြောမှု တွေကြောင့် အသိဥာဏ်နည်း မိုက်မဲတဲ့ တချို့ဗုဒ္ဓဘာသာဝင်တွေရဲ့ ရင်ထဲမှာ အမုန်းတရား ကိန်းဝပ်သွားပါ တယ်။ အဲဒီအမုန်းတရားကြောင့် တုတ်၊ဓါးလက်နက်ကိုင်ပြီး လူသတ်ပါတယ်။ ဦးဝီရသူဟောတဲ့တရားဟာ တုတ်ဓါးလက်နက်ထက် အန္တရာယ်ပိုကြီးပါတယ်။ ဦးဝီရသူ ကျူးလွန်တဲ့ အပြစ်ဟာ တုတ်၊ ဓါးကိုင်သူထက် အပြစ်ပိုကြီးပါတယ်။ မိတ္ထိလာမှာ လူ ၄၃ ယောက်ကို သတ်တဲ့ အဓိက တရားခံဟာ ဦးဝီရသူပါပဲ။ ဦးဝီရသူကို ကျွန်တော့် အနေနဲ့ သံဃာအဖြစ် မသတ်မှတ်တာ ကြာပါပြီ။ ဦးဝီရသူလို လူယုတ်မာကို လူသတ်သမားပြောလို့ ကျွန်တော်ငရဲ မကျနိုင်ဘူးဆိုတဲ့ ယုံကြည်စိတ်နဲ့ အခုလို ပြတ်ပြတ်သားသား ပြောနေတာပါ။ ယုံကြည်မှု အပြည့်ရှိလို့ ဒီစကားကို ဆိုတာပါ။ ကိုယ့်စရဏတရားကိုယ် ကိုယ်ယုံကြည်ပါတယ်။ ကိုယ့်မေတ္တာတရားကိုယ် ကိုယ်ယုံကြည် ပါတယ်။ လူသားအားလုံးအပေါ်မှာထားတဲ့ ကျွန်တော့် မေတ္တာ၊ ကျွန်တော့်စေတနာကို ရိုးရိုးသားသားပဲ ကျွန်တော်ယုံကြည်ပါတယ်။ ဦးဝီရသူလိုလူမျိုးထက် ကျွန်တော့်ကိုယ်ကျင့်တရားက ပိုပြီး မြတ်တယ်လို့ ရိုးရိုးသားသားပဲ ယုံကြည်ပါတယ်။

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တချို့ဟာ မသီတာထွေးကို မွတ်စလင်က မုဒိန်းကျင့်တော့ ဒါမွတ်စလင်တွေက မုဒိန်းကျင့်တာပဲ မွတ်စလင်တွေဟာ မုဒိန်းကောင်တွေပဲကွလို့ ယေဘုယျပြုပြီး မွတ်စလင်တွေကို သတ်တာ ကို လက်ခုပ်တီးကြပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တချို့ဟာ ဦးသောဘိတကို မွတ်စလင်တချို့က သတ်တော့ ဒါမွတ်စလင်တွေသတ်တာပဲ မွတ်စလင်အားလုံးအတူတူပဲ၊ မွတ်စလင်တွေကို လက်စားချေရ မယ်လို့ သဘောထားပြီး ကလေးလူကြီးမရှောင် မွတ်စလင် ၄၃ ယောက် (ဒါ အစိုးရစာရင်းပါ၊ ဒီ့ထက်ပိုများမှာ သေချာပါတယ်။) ကို လက်စားချေသတ်ဖြတ်ပါတယ်။ မွတ်စလင်တွေကို ဒီလို ယေဘုယျပြု သတ်ဖြတ်ခဲ့ပေမဲ့ ဦးဝီရသူကို ဗုဒ္ဓဘာသာ အကြမ်းဖက်မှုရဲ့ မျက်နှာလို့ တိုင်းမ် မဂ္ဂဇင်းက ဆိုတော့ ဗုဒ္ဓဘာသာ အားလုံးကို ယေဘုယျပြုပြောဆိုရမလားဆိုပြီး ဆရာတော်ကြီးတချို့ပါမကျန် ဆတ်ဆတ်ခါ နာကျင်ကြပါတယ်။ ဆရာတော်ကြီးများလည်း ဆင်ခြင်တော်မူကြပါဘုရား၊ တကယ်တော့ ဗုဒ္ဓဘာသာတခုလုံးကို အကြမ်းဖက်ဝါဒလို့ တိုင်းမ် မဂ္ဂဇင်းက ဆိုလိုတာ မဟုတ်ပါဘူး။ ဦးဝီရသူဟာ ဗုဒ္ဓဘာသာ အကြမ်းဖက်မှုရဲ့ မျက်နှာလို့ ဆိုတာပါ။ နောက်ဆုံး ဗုဒ္ဓဘာသာကို ဆိုခဲ့ရင်တောင်မှ ဦးဝီရသူလို သူတပါး ပျက်စီးကြောင်း ပြောတဲ့သူကြောင့် ဗုဒ္ဓဘာသာ နာမည်ပျက်ရတယ်ဆိုတာ နှလုံးသွင်းပြီး နောင်ဒီလို မဖြစ်အောင် ဘယ်လို ကာကွယ်မလဲဆိုတာ စဉ်းစားဆင်ခြင်သင့်ပါပြီဘုရား။

ဘာသာရေး၊ လူမျိုးရေး အမုန်းမီးဆိုတာ ပွားရလွယ်ပေမဲ့ ငြှိမ်းသတ်ရခက်တတ်ပါတယ်။ ဘာသာရေး လူမျိုးရေး အမုန်းမီးသာ ကြီးထွားလာပြီ ဆိုရင် တိုင်းပြည်လည်း သိက္ခာကျ၊ ဘာသာလည်း သိက္ခာကျရုံသာ မက၊ အင်မတန် ဆိုးဝါးတဲ့ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းကြီးတွေ ပေါ်ထွက်တတ်ပါတယ်။ အခုချိန်ထိ ဗမာပြည်မှာ ရှိတဲ့ မွတ်စလင်တွေထဲမှာ အကြမ်းဖက်သူ၊ အသေခံဗုံးခွဲသူဆိုတဲ့ အစွန်းရောက်သမိုင်း မရှိဘူးသေးပါဘူး။

ဒါပေမဲ့ အကြမ်းဖက်မှု ဆိုတာ စစ်ရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။ စစ်ဆိုတာ နိုင်ငံရေးရဲ့ အဆက်ဖြစ်ပါတယ်။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်တဲ့အခါ စစ်ဆိုတာ နိုင်ငံရေးရဲ့ အဆက်အဖြစ် ပေါ်ထွက်လာတတ်ပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုဆိုတာကတော့ စစ်ရဲ့ အဆက်ပါ။ စစ်ကို စစ်ချင်း ၊ အင်အားကို အင်အားချင်း မယှဉ်သာတဲ့ အချိန်မှာ နိုင်ငံရေးပြဿနာက မပြေလည်သေးရင် ထွက်ပေါ်လာတတ်တဲ့ စစ်ပွဲ ကြီးရဲ့ အဆက်ဖြစ်ပါတယ်။ ချောင်ပိတ် အရိုက်ခံရတဲ့သူတွေဟာ စစ်ကိုစစ်ချင်း၊ အင်အားကို အင်အားချင်း မဖြေရှင်းနိုင်တဲ့အခါ အသေခံပြီး အကြမ်းဖက်ကြတာ ဖြစ်ပါတယ်။ ဗမာပြည်မှာ မွတ်စလင်တွေကို ချောင်ပိတ် ရိုက်ရင် တနေ့မှာ သူတို့ဟာ ဒီနည်းကို သုံးမလာဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ ကိုယ့် အန္တရာယ်ကိုယ် မြင်ကြပါ။ ကိုယ့်သားသမီးမြေးမြစ်ကို ချစ်ခင်ကြပါ။ သူများကို သတ်ချင်ဖြတ်ချင်တာချည်း တွေးရင် မှားပါလိမ့်မယ်။ ကိုယ်ကချည်း သတ်ခွင့်ရလိမ့်မယ်လို့ မထင်ကြပါနဲ့။ ဝဋ်ဆိုတာ လည်တတ်ပါတယ်။ ဘယ်သူမှ တဖက်သတ် ရာသက်ပန် အနိုင်ရရိုးမရှိပါ။ ဒီတိုင်းပြည်မှာ မရှိခဲ့ဖူးတဲ့ အကြမ်းဖက်မှုတွေသာ အစပျိုး ပေါ်ပေါက်လာခဲ့ရင် နောင်လာနောက်သား မျိုးဆက်ပေါင်းများစွာအထိ ဒုက္ခပင်လယ်ဝေကြပါလိမ့်မယ်။ အဲဒီအခြေ၊ အဲဒီအဆင့်ထိရောက်လာရင်၊ ဗုဒ္ဓဘာသာရော၊ မွတ်စလင်ရော ဘာသာနှစ်ခုစလုံး အကြီးအကျယ် ဒုက္ခရောက်ကြပါလိမ့်မယ်။ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ အမြှော်အမြင်ရှိရှိ ချင့်ချိန်သုံးသပ်ကြဖို့ အချိန်တန် ပါပြီ။ မဲကိုမျှော်ပြီး ခေါင်းရှောင်နေတာတွေကိုလည်း ရပ်တန်းက ရပ်ပြီး သတ္တိရှိရှိ တာဝန်ယူကြဖို့လည်း သင့်ပါပြီ။

တကယ်တော့ ဒါတွေအားလုံးဟာ အစိုးရရဲ့ လက်ချက်တွေချည်းပါပဲ။ ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ အစိုးရက အဓိက လက်သည်ပါ။ အစိုးရလက်ချက်ဖြစ်ကြောင်း အစိုးရ အကြံသာဖြစ်ကြောင်းကို အရင် ဆောင်းပါးတွေထဲမှာ အကြိမ်ကြိမ်အခါခါ ထောက်ပြသုံးသပ်ပြခဲ့ပြီးပြီမို့ ဒီဆောင်းပါးမှာ အကျယ်မပြောတော့ ပါဘူး။ အစိုးရဟာ သူအာဏာတည်မြဲဖို့ ၊ အတိုက်အခံဒီမိုကရေစီ သမားတွေကို သွေးခွဲဖို့၊ ဒီမိုကရေစီ သမားတွေနဲ့ ဗုဒ္ဓဘာသာအကြားမှာ သပ်လျှိုဖို့ ၊ သူတို့ စစ်အာဏာရှင်အင်အားစုတွေကို ဗုဒ္ဓဘာသာတွေ ထောက်ခံလာဖို့ အတွက် ငရဲ မကြောက် ၊ သံသရာ မကြောက်ဘဲ မှောက်မှောက်မှားမှား ဆောင်ရွက်နေတာ သာ ဖြစ်ပါတယ်။

သူတို့သာ ငရဲ မကြောက်တာမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာအများအပြားကိုလည်း ငရဲကျအောင် အပြစ် ကျူးလွန်အောင် မြှောက်ပေးဆွပေးနေပါတယ်။ ဒါတွေအားလုံးကို သူတို့အာဏာ ရရေး တခုတည်း အတွက် ဆောင်ရွက်နေတာပါ။ သူတို့ အာဏာရရေး အတွက် ငရဲလည်း မကြောက် ၊ သံသရာလည်း မကြောက်၊ လူ့အသက် လူ့အသွေး များစွာကို စတေးရမှာကိုလည်း မကြောက်ဘဲ ရက်ရက်စက်စက် ယုတ်ယုတ်မာမာ ပြုမူနေတာသာ ဖြစ်ပါတယ်။
စစ်အာဏာရှင်တွေဟာ အာဏာတခုတည်းကို မက်မော၊ မောဟတွေဖုံး၊ အသိဥာဏ် အမိုက်မှောင်ကြီးကျပြီး ငရဲလမ်းစဉ်ကို လိုက်တာဟာ တကယ်တော့ ဒါပထမ အကြိမ် မဟုတ်ပါဘူး။ ပထမအကြိမ်က သံဃာတွေကို သတ်ဖြတ်ခဲ့တဲ့ ၂၀၀၇ ခုနှစ်ပါ။ အခုတကြိမ်က ဒုတိယမ္ပိ ငရဲလမ်းစဉ်ပါ။

ဗုဒ္ဓဘာသာဝင် သူတော်စင်အားလုံး မေတ္တာတရား လက်ကိုင်ထားပြီး ငရဲကို ရှောင်ရှားကြပါစို့။ မွတ်စလင် တွေကို ရင်ဝယ်သားသဖွယ် မေတ္တာပွားများကြပါစို့။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ဒီမိုကရေစီသမား အားလုံး စည်းလုံးညီညွတ်ကြပါစို့။

လူအချင်းချင်း သတ်ဖြတ်ခြင်း၊ ကင်းရှင်းကြပါစေ။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
၂၈၊ ဇွန်၊ ၂၀၁၃။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D