သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, June 25, 2013

"တိုက်ပုံဝတ်ကြရပါမယ်"


ဇွန်လ 24, 2013 (3:44am) တွင် YAN MAUNG မှ ရေသားမျှဝေခဲ့ပါသည်။

Source: Forever Friend

ဟိုတနေ့က ဖျာပုံက အသိတချို့နဲ့ လက်ဖက်ရည်ဆိုင် ထိုင်နေတုန်းမှာ တစ်ယောက်က ဒန်ပေါက်သွားဝယ်လိုက်ဦးမယ် ဆိုပြီး ပြောပါတယ်။ အဲ့ဒီမှာတင် နောက်တစ်ယောက်က ထပြောလိုက်တယ်၊ အဲ့ဒီဆိုင်မှာ သွားမ၀ယ်နဲ့၊ ဗမာရောင်းတဲ့ဆိုင်မှာပဲ ၀ယ် တဲ့။
အဲ့ဒီလို မွတ်စလင်ဆန့်ကျင်ရေးအမြင်တွေဟာ ဗုဒ္ဒဘာသာဝင် ဘယ်လောက်များများမှာ ရှိနေပြီလဲ ဆိုတာ မသိပေမဲ့ ဗုဒ္ဒဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ကြားမှာ အက်ကြောင်းကြီးတစ်ခု ထင်နေပြီဆိုတာတော့ သေချာပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရှေ့ရေးအတွက် ကောင်းတဲ့လက္ခဏာတစ်ရပ်တော့ မဟုတ်ပါဘူး။ ဒီနိုင်ငံမှာ လူနည်းစုဖြစ်နေတဲ့ မွတ်စလင်တွေရဲ့ အနေအထားကို စာနာမိသလို၊ တခြားနိုင်ငံတွေမှာ လူနည်းစုပြန်ဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အနေအထားရော ဘယ်လိုများ ရှိနေမလဲလို့ တွေးနေမိပါတယ်။



ငယ်ငယ်က ဘုရား ဘာလို့ရှိခိုးလဲ မေးရင် ကုသိုလ်ရချင်လို့ လို့ပဲ ဖြေခဲ့ပါတယ်၊ ဘုရားရိုက်မှာကိုလည်း အရမ်းကြောက်ခဲ့တာပေါ့။ ရွတ်လိုက်တဲ့ ဂါထာတွေလည်း မနည်းမနောပါ။ အဓိပါယ်တော့ တခုမှ နားမလည်ပါဘူး၊ နားလည်ဖို့လည်း မကြိုးစားခဲ့ပါဘူး။ ကျွန်တော့်ရဲ့ ဘာသာတရား ယုံကြည်မှုဟာ အကြောက်တရားကို အခြေပြုတဲ့၊ ကိုယ်ကျိုးရလိုမှုကို ရှေ့တန်းတင်တဲ့ မျက်ကန်းယုံကြည်မှုတစ်ခု ဖြစ်နေခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်တို့တွေ မြတ်စွာဘုရားကို ကိုးကွယ်ကြတာ တန်ခိုးရှင်၊ ဖန်ဆင်းရှင်၊ ကယ်တင်ရှင်တစ်ဦးအနေနဲ့ ကိုးကွယ်တာ မဟုတ်ပါဘူး။ ပညာအရာမှာ အတုမရှိသူ၊ လောကလူသားအပေါင်းပေါ်မှာ တစ်တန်းတည်းသော မေတ္တာတရားကို အနှိုင်းမဲ့လောက်အောင် ထားခဲ့သူ၊ ဘယ်ဟာ မကောင်းမှု၊ ဘယ်ဟာ ကောင်းမှုဆိုတာကို လမ်းညွှန်ပြသခဲ့သူအနေနဲ့ ကိုးကွယ်ယုံကြည်ကြတာပါ။

ဗုဒ္ဒဘာသာဝင်တွေ ကိုးကွယ်အားထားတာက ဘုရား တရား သံဃာ ဆိုတဲ့ ရတနာသုံးပါးပေါ့။ ဘုရားဆိုတာ သစ္စာလေးပါးကို ကိုယ်တိုင်သိမြင်တော်မူတဲ့သူ လို့ အဓိပါယ်ရတယ်။ တရားဆိုတာက ကံ ကံ၏အကျိုးပေါ့။ သံဃာဆိုတာကတော့ မြတ်စွာဘုရား ဟောကြားခဲ့တဲ့အတိုင်း ကိုယ်တိုင်လည်း ကျင့်ကြံနေထိုင်တယ်၊ အဲ့ဒီတရားတော်တွေ မပျောက်ပျက်အောင်လည်း ထိန်းသိမ်းစောင့်ရှောက်တယ်၊ အများပြည်သူကိုလည်း ဟောကြားပြသပေးတယ်။ ဒီသံဃာတော်တွေသာမရှိရင် မြတ်စွာဘုရားရဲ့ တရားတော်တွေကို ကျွန်တော်တို့ ဘယ်နာကြားခွင့်ရနိုင်ပါ့မလဲ။ E=mc2 သီအိုရီအတွက် အိုင်းစတိုင်းက အဓိက ဆိုပေမဲ့ ကိုယ့်ကို ပြန်သင်ပေးတဲ့ အတန်းထဲက ဆရာမရဲ့ ကျေးဇူးကလည်း အနှိုင်းမဲ့ဆိုတာ မေ့ထားလို့ မရပါဘူး။

တချို့ကပြောကြတယ်၊ ဘုန်းကြီးတွေ နိုင်ငံရေး မလုပ်သင့်ဘူးတဲ့။ နိုင်ငံရေးဆိုတာဟာ လွှတ်တော်တက်တာ၊ မဲဆွယ်တာ၊ ရွေးကောက်ပွဲဝင်တာ၊ ဥပဒေပြုတာတွေလို့ပဲ သတ်မှတ်မယ်ဆိုရင်တော့ ဟုတ်တာပေါ့၊ သာသနာနဲ့ ဒါတွေနဲ့ ဘာမှမှမသက်ဆိုင်တာပဲ။ ဒါပေမဲ့ နိုင်ငံရေးဆိုတာဟာ နိုင်ငံသားအားလုံးရဲ့ အရေးလို့ ခံယူတတ်မယ်ဆိုရင်တော့ ဒီအယူအဆဟာ အင်မတန်မှကို မှားယွင်းသွားပါတယ်။

၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတုန်းက သံဃာတော်တစ်ပါးက မိန့်သွားဖူးတယ်၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒုက္ခရောက်နေတာကို မကြည့်ရက်လို့ပါ တဲ့။ အဲ့ဒီတုန်းက သံဃာတော်တွေဟာ အကြမ်းမဖက်ဘဲနဲ့ တကယ့်ကို ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြတာပါ၊ ပုဂိုလ်ရေးအကျိုးမျှော်ကိုးမှု လုံးဝမပါဝင်ခဲ့သလို၊ ရန်လိုအမုန်းထားမှုတွေလည်း မရှိခဲ့ပါဘူး။ ပရဟိတအလုပ်တွေ ဆောင်ရွက်နေတဲ့၊ အလှူအတန်းတွေ အမြောက်အများ လုပ်နေတဲ့ သီတဂူဆရာတော်ကြီး၊ ဆရာတော် မေတ္တာရှင် (ရွှေပြည်သာ) စတဲ့ ဆရာတော်တွေလည်း စစ်အစိုးရရဲ့ အုပ်ချုပ်မှုတွေ လုပ်ရပ်တွေအကြောင်းကို ဝေဖန်ကြတာပါပဲ၊ အမျိုးသားရေးစိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ် ရှိကြတာပါပဲ။ ဒါပေမဲ့ အစွန်းတော့ မရောက်ကြဘူး။ ဒကာ ဒကာမတွေကို နိဗာန်ရောက်ကြောင်း တရားတွေတင် မဟုတ်ဘဲ ဘ၀နေနည်းတွေကိုပါ ဟောကြ ပြောကြတယ်၊ တိုင်းပြည်လိုအပ်ချက်အရ လူမှုရေးလုပ်ငန်းတွေလည်း လုပ်နေကြတယ်။

ပဲခူးဘက်မှာ ရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ဆရာတော်တစ်ပါးကတော့ ပြောဖူးတယ်၊
ဘုန်းကြီးတို့လည်း အေးအေးဆေးဆေး ၀ိပသနာတရားတွေ အားထုတ်ချင်တာပေါ့၊ ဒါပေမဲ့လည်း ကိုယ့်လူမျိုးတွေအတွက် လိုအပ်နေတော့ ဒါတွေလုပ်နေကြရတယ်၊ လူတစ်ယောက်ရဲ့တန်ဖိုးကို သူဖြတ်သန်းသွားတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ တာဝန်တွေကို ဘယ်လောက်ထမ်းဆောင်သွားတယ် ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ ဆိုတဲ့ ဆရာကြီးဗန်းမော်တင်အောင်ရဲ့ စကားလိုပေါ့။ ဘုန်းကြီးတို့အားလုံးလည်း တာဝန်ကျေတဲ့သူတွေ တန်ဖိုးမြင့်တဲ့သူတွေ ဖြစ်အောင် ကြိုးစားရမှာပေါ့ တဲ့။

ဒီဆရာတော်ကြီးတွေဟာ နိုင်ငံရေးလုပ်နေတာလား ဆို ဟုတ်ပါတယ်၊ နိုင်ငံရေး လုပ်နေတာပါ၊ နိုင်ငံသားတွေရဲ့ အရေးကို လုပ်နေတာပါ၊ ဘုရားဟောနဲ့ မဆန့်ကျင်သလို၊ မုန်းတီးရေးတရားတွေ မပါပါဘူး၊ ငြိမ်းချမ်းရေး တိုးတက်ရေးကိုပဲ ဟောကြ ပြောကြ ဆောင်ရွက်ကြတာပါ။

နှမြောတွန့်တိုသူကို ပေးကမ်းခြင်းဖြင့် အနိုင်ယူမည်။
အကျင့်ပျက်သူကို အကျင့်ကောင်းဖြင့် အနိုင်ယူမည်။
အမျက်ဒေါသထွက်သူကို မေတ္တာဖြင့် အနိုင်ယူမည်။
လိမ်ညာပြောဆိုသူကို အမှန်တရားဖြင့် အနိုင်ယူမည်။

မြတ်စွာဘုရားက ဒီလိုဟောကြားခဲ့တာပါ။ ဓါးနဲ့ခုတ်သူကို တုတ်နဲ့ပြန်ရိုက်ဖို့ ဟောခဲ့တာ မဟုတ်ပါဘူး။ မြတ်စွာဘုရား ဟောကြားခဲ့သမျှကို အတိုဆုံးပြောပါဆို မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၊ ဖြူအောင် စိတ်ကိုထား လို့ ဆိုရပါမယ်။ ကျွန်တော်တို့ဝါဒရဲ့ အခြေခံအကျဆုံး အယူအဆကတော့ ကံ ကံ၏အကျိုးပါ၊ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်၊ လှလှလေး ပြောရရင်တော့ ကိုယ့်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာမည် ပေါ့။ ဒါဟာ တကယ်တော့ မြတ်စွာဘုရား ထုတ်ခဲ့တဲ့ ဥပဒေတစ်ရပ် မဟုတ်ပါဘူး၊ မြတ်စွာဘုရား ရှာဖွေတွေ့ရှိ့ခဲ့တဲ့ လောကနိယာမတစ်ခုပဲ ဖြစ်ပါတယ်။ လောကနိယာမ ဖြစ်တဲ့အတွက် ဘယ်ဘာသာ ဘယ်လူမျိုးအတွက်မဆို မှန်ကန်နေမဲ့ Global teaching ပဲ ဖြစ်ပါတယ်။

တကယ်တော့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ပိုင်ခွင့်ဟာ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်အခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ်။ ဆရာကြီး ဦးဆန်းလွင်ရဲ့ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ် ဆည်းကပ်လာသူတစ်ယောက်အကြောင်း စာအုပ်မှာ သူ့ဘ၀ရဲ့ ဖြတ်သန်းမှုတွေကို တွေ့ရပါတယ်။ ပထမဆုံး အစ္စလာမ်ဘာသာဝင်အဖြစ် မွေးဖွါးလာတယ်၊ လေ့လာကြည့်တယ်၊ အဲဒီနောက် ခရစ်ယာန်ကို ပြောင်းတယ်၊ လေ့လာကြည့်တယ်၊ နောက်ဆုံး ဗုဒ္ဒဘာသာကို လေ့လာတယ်၊ နောက်ဆုံးမှာတော့ အသက်ထက်ဆုံး ကိုးကွယ်သွားတယ်။

တကယ်တော့ ဘာသာတရားဟာ ဒီလိုပဲဖြစ်ရပါမယ်၊ ဘာသာတစ်ခုချင်းစီမှာ အနှစ်သာရတွေ ရှိကြတယ်၊ ဒါတွေကို စိတ်တိုင်းကျ လေ့လာ၊ ပြီးရင် ကိုယ်ယုံကြည်ရာ ကိုယ်ကိုးကွယ်ရုံပါပဲ။ ကျွန်တော်တို့တွေက ကိုယ့်ဘာသာထဲကို ဘာသာခြားတစ်ယောက် ကူးပြောင်းလာတယ်ဆို ဂုဏ်ယူကြတယ်၊ အဲ၊ ကိုယ့်ဘာသာဝင်တစ်ယောက် တခြားဘာသာထဲ ပြောင်းသွားရင်တော့ နာလို့မဆုံးဘူး။ ဒါဆို တစ်ဖက်ကကြည့်ရင်ရော၊ ဒီဘာသာရဲ့ ဂုဏ်ယူစရာက နောက်ဘာသာအတွက် နာကျည်းစရာကိစ္စ၊ ကာကွယ်ရမဲ့ကိစ္စကြီး ဖြစ်နေမှာပေါ့။ ဒီလိုသာဆို ဘယ်လိုလုပ် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ကြမှာလဲ။ ကျွန်တော်တို့တွေ ဘာသာရေးယုံကြည်မှုကို လူ့အခွင့်အရေးတစ်ရပ်လို့ မြင်ရပါမယ်။ ကိုယ်တွေချည်း သီးသန့်နေလို့ မရတော့တဲ့ Globalization Age မှာ ကျွန်တော်တို့တွေ ကမ္ဘာကြည့် ကြည့်တတ်ဖို့လည်း လိုပါတယ်။

တကယ်တော့ ပြင်ပမှာ မုန်တိုင်းဘယ်လောက်ထန်ထန်၊ ကိုယ့်အိမ် ကိုယ့်အဆောက်အဦးကသာ ခိုင်ခံ့မယ်ဆို စိတ်ပူနေစရာ မလိုပါဘူး။ နောက်ပြီး ဒီပြဿနာရဲ့ အဖြေက မုန်တိုင်းဆီမှာ ရှိမနေပါဘူး၊ အချိန်မရွေး ပြိုလဲသွားနိုင်တဲ့ ယိုင်နဲ့နဲ့ ကိုယ့်အိမ်မှာသာ ပြဿနာအရင်းအမြစ်က ရှိနေတာပါ၊ ဒါကို ဖြေရှင်းကြရမှာပါ။ အဓိကအနေနဲ့တော့ ကိုယ့်ရဲ့ ဘာသာတရားက ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေနိုင်ဖို့ လိုပါတယ်။ အကြမ်းဖက်မှုနဲ့ တွဲနေတဲ့၊ အစွန်းရောက်မှုတွေနဲ့ ခြယ်သထားတဲ့ အယူဝါဒတစ်ရပ် ဖြစ်နေလို့ မရပါဘူး။ ကိုယ့်ဘာသာနဲ့ပတ်သက်ပြီးသာ ဂုဏ်ယူတတ်ကြမယ်ဆိုရင် တခြားဘာသာကို ပြောင်းသွားဖို့ဆိုတာ မဖြစ်နိုင်တော့သလောက်ပါပဲ။ ကျွန်တော့်လေ့လာမိသလောက်လေး ပြောရရင်တော့ တခြားဘာသာဝင်တွေ ကျွန်တော်တို့ဘက် ဘယ်အချိန်ပြောင်းလာလဲဆို ဘာသာရေးကို သိပံနည်းကျ ဆန်းစစ်မိတဲ့အခါ ပြောင်းလာလေ့ရှိပါတယ်၊ ဒါ ကိုယ့်ဘာသာမို့လို့ အမွှန်းတင်နေခြင်း မဟုတ်ပါဘူး၊ ဗုဒ္ဒ၀ါဒဟာ သိပံနည်းကျ ၀ါဒဖြစ်တယ်၊ ဝေဖန်ဆန်းစစ်မှုကို အလေးထားတယ် ဆိုတာကို အားလုံးက လက်ခံထားပြီးသားပါ။ ကျွန်တော်တို့ဘာသာဝင်တွေ ဘယ်အချိန် ဘာသာပြောင်းလဲဆိုရင်တော့ ဘ၀က မှောင်အတိကျနေတဲ့အခါမှာပါ။ ဘာလို့ဆိုတော့ ကိုယ့်ဘာသာဝင်အချင်းချင်းထဲက ကယ်မဲ့ကူမဲ့သူ မရှိလို့ပါပဲ။

အနာကြီးရောဂါသည်တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို ဖတ်ဖူးပါတယ်၊ သူ ဒီရောဂါဖြစ်တဲ့အချိန်မှာ ဗုဒ္ဒဘာသာဝင်တွေက အနားတောင် ကပ်မခံတော့ဘူး၊ ၀ိုင်းပယ်ထားလိုက်ကြတယ်၊ အဲ့ဒီအချိန်မှာပဲ ခရစ်ယာန်သာသနာပြု ဘုန်းတော်ကြီးတစ်ပါးက ရောက်လာပြီး ကြင်ကြင်နာနာ နွေးနွေးထွေးထွေး ဆက်ဆံတယ်၊ ငွေကြေးကအစ လိုအပ်တာမှန်သမျှ ကူညီပေးတယ်၊ နောက်တော့ သူတို့ဘာသာထဲ ၀င်မလားလို့ မေးတော့ သူ စဉ်းတောင်စဉ်းစားမနေတော့ဘဲ ၀င်ပစ်လိုက်တယ် တဲ့။ ကျွန်တော်တို့တွေဟာ မေတ္တာသုတ်ကိုတော့ အမြဲမပြတ် ရွတ်လေ့ရှိကြတယ်၊ ဒါပေမဲ့ ကာယကံမြောက် မေတ္တာထားနိုင်တဲ့အပိုင်းမှာတော့ အင်မတန်မှကို အားနည်းနေပါသေးတယ်။

ဆရာကြီး မြသန်းတင့် ဘာသာပြန်ထားတဲ့ သုခမြို့တော် စာအုပ်ထဲမှာလည်း ဒီအတိုင်းပါပဲ၊ ပြင်သစ်ဘုန်းတော်ကြီးတစ်ပါးက အရမ်းကို ဆင်းရဲစုတ်ပြတ်နေတဲ့ နေရာတစ်ခုမှာ ဘုရားသခင်အပေါ် ယုံကြည်မှုတစ်ခုတည်းနဲ့ အပင်ပန်း ဆင်းရဲခံ သာသနာပြုသွားတဲ့အကြောင်းလေး ဖတ်ရဖူးပါတယ်။ ဖတ်နေစဉ်တစ်လျှောက်လုံးမှာ ကျွန်တော်အရမ်းကို ကြည်ညိုနေမိပါတယ်၊ ဘာကိုလဲဆိုတော့ သူ့ရဲ့ မေတ္တာတရားကိုပါ။

ဟိုတလောလေးက ဖျာပုံမှာရှိတဲ့ သာစည်ဘုရားကို သွားဖြစ်ပါတယ်။ မဟာစင်မုန်တိုင်းသတင်းတွေ ထွက်နေတဲ့အချိန်တုန်းကပေါ့။ ည၈နာရီလောက်ရှိပြီ၊ မိုးကတော့ ဖွဲဖွဲ ဖွဲဖွဲရွာနေတယ်။ ဘုရားပေါ်မှာ ၁၀နှစ်တောင် မပြည့်လောက်သေးတဲ့ ကောင်မလေးက စံပယ်ပန်းတွေ ရောင်းနေတယ်၊ ရှိနေတဲ့ ဘုရားဖူးတချို့ကတော့ ဘုရားအတွက် ဆလိုက်မီးအလှူငွေတွေ လှူနေကြတယ်၊ ဘုရားရှေ့က အလှူခံပုံးမှာ ပိုက်ဆံတွေ ထည့်နေကြတယ်။ အဲ့ဒီကလေးလေးကိုတော့ ဘယ်သူမှ သတိမထားမိကြဘူး။ ကလေးမလေးရဲ့ ပုံစံက မဟာစင်တွေဘာတွေ မသိဘူး၊ စပယ်ပန်းတွေ ကုန်မှ အိမ်ပြန်ရမဲ့ အနေအထား ဖြစ်နေတယ်၊ အဲ့ဒါနဲ့ပဲ သူ့မှာ ကျန်နေတာတွေအားလုံးကို ၀ယ်ပေးလိုက်တယ်။ သမီးပဲ ဘုရားမှာ သွားကပ်ပြီး လိုရာဆုတောင်းခဲ့ လို့ဆိုတော့ ၀မ်းသာအားရ ဘုရားသွားကန်တော့ရှာတယ်။ အဲ့ဒီအချိန် ခုန၀တ္ထုထဲက ခရစ်ယာန်ဘုန်းတော်ကြီးကို သွားမြင်ယောင်မိလိုက်တယ်၊ သူသာဆို ဘယ်လိုအကြင်နာ မေတ္တာတွေများ ပေးလိုက်မလဲ မသိဘူးလို့။

တကယ်တော့ ကျွန်တော်တို့ရဲ့ သာသနာကို တည်တံ့စေချင်တယ်ဆို အပြင်မှာပဲ ဘုရားတွေတည်နေလို့ မရပါဘူး၊ တခြားဘာသာဝင်ကို လက်မထပ်ကြနဲ့ ဆိုပြီး တားမြစ်နေရုံနဲ့ ဆန့်ကျင်နေရုံနဲ့လည်း မရပါဘူး။ ကျွန်တော်တို့ကိုယ်တိုင် ဘာသာရေးအခြေခိုင်ဖို့ လိုပါတယ်။ အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ် အိုးတွင်နှိပ်ခတ် တံဆိပ်မှတ်ကား မပြတ်မစဲ အိုးပင်ကွဲလည်း အမြဲတစေ တည်ရှိနေသို့ ဆိုတဲ့အတိုင်းပါပဲ၊ ကလေးတွေရဲ့ နှလုံးသားမှာ ဘုရားတည်ခြင်းကသာ ဘာသာ သာသနာပြန့်ပွါးဖို့အတွက် အရေးတကြီး လိုအပ်တာပါ။ နောက်ပြီး ကျွန်တော်တို့ လူသားအချင်းချင်း စောင့်ရှောက်ကြဖို့ ဖေးမကူညီကြဖို့လည်း လိုပါတယ်။

ကျွန်တော်တို့တွေက ကိုယ့်ဘာသာရဲ့ အနှစ်သာရကို မသိကြဘူး၊ ဂါထာတွေရွတ်ရင် မ တဲ့ဘာသာ၊ ကံစီမံရာ ဆိုပြီး ဘာအလုပ်မှမလုပ်ဘဲ ငြိမ်ခံနေတဲ့ ဘာသာတစ်ခုလို ဖြစ်နေတယ်။ ၊ ကံ ဆိုတာ စေတနာနဲ့ယှဉ်တဲ့အလုပ် လို့ ဆိုလိုမှန်းမသိကြဘူး၊ ချမ်းသာချင်ရင် အောင်မြင်ချင်ရင် တိုးတက်ချင်ရင် ဘုရားချည်း ထိုင်ရှိခိုးနေလို့ မရဘူး၊ ဘုရားကလည်း ဒီလိုမဟောကြားခဲ့ဘူး၊ အောင်မြင်ချင်တယ်ဆို အလုပ်လုပ်ဖို့ လိုတယ်၊ ပညာတတ်ဖို့ လိုတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေကတော့ ကံဇာတ်ဆရာအလိုကျ ဆိုတဲ့ လွဲမှားတဲ့ အယူအဆကြီးကို ကိုင်ဆွဲထားကြတယ်။ ဒါဟာ "အရာရာမှာ ဘုရားသခင်အလိုတော်အတိုင်းပဲ" လို့ ယုံကြည်ကြတဲ့ တခြားဘာသာဝင်တွေက ကမ္ဘာကို အုပ်စိုးနေကြချိန်မှာ "အတ္တာဟိ အတ္တနောနာထော - မိမိကိုယ်သာ ကိုးကွယ်ရာ၏" ဆိုပြီး ဘုရားအဆုံးအမကို နာယူခဲ့ကြရတဲ့ ကျွန်တော်တို့ ဗုဒ္ဒဘာသာဝင်တွေ ဆင်းရဲပြီးရင်း ဆင်းရဲနေကြရတဲ့၊ သူများကို လက်ဖြန့်တောင်းနေရတဲ့ အကြောင်းရင်းတစ်ခုပါပဲ။

လီယိုတော်စတွိုင်းကတော့ ပြောဖူးပါတယ်။
Everyone thinks of changing the world, but no one thinks of changing himself
ဟုတ်ပါတယ်၊ အပြောင်းအလဲကို လိုချင်ရင် အရင်ဆုံး ကျွန်တော်တို့ကိုယ်တိုင် ပြောင်းကြရမှာပါ။

ဓမ္မန္တရာယ် ဆိုတဲ့ စကားလုံးလေး၊ စိတ်ဝင်စားဖို့ အရမ်းကာင်းပါတယ်၊ ခုချိန်မှာ ကလေးကအစ သိနေပြီဖြစ်တဲ့ ကမ္ဘာကြီးက လုံးဝန်းတယ်ဆိုတာ၊ နေကို ဗဟိုပြု လည်ပတ်နေတယ်ဆိုတာ ၊ ကမ္ဘာမြေမှာ ဆွဲအားရှိတယ်ဆိုတာတွေဟာ တစ်ချိန်ကတော့ ဓမ္မန္တရာယ် ဖြစ်ခဲ့ဖူးပါတယ်။ ခု ကျွန်တော်တို့တွေ ကန့်ကွက်နေတဲ့ အယူအဆတွေ၊ ကိုင်ဆွဲထားတဲ့ ခံယူချက်တွေ၊ ထောက်ခံနေတဲ့ အမြင်တွေ ဒါတွေကရော ရာနှုန်းပြည့် မှန်နိုင်ပါ့မလား။ မသေချာပါဘူး၊ ဘာလို့ဆိုတော့ တခါတလေမှာ အမှန်တရားဟာ အချိန်ရဲ့အဆုံးအဖြတ်ကိုလည်း ခံယူတတ်ရလို့ပါပဲ။

ဆရာတင်မောင်သန်းနဲ့ ဆရာမြသန်းတင့်တို့ ဟောပြောပွဲတစ်ခုမှာ ဆုံကြတော့ ဆရာမြက မေးတယ်၊ ခင်ဗျား တိုက်ပုံမ၀တ်ဘူးလား တဲ့။
ကျွန်တော်က ပေါ့ပေါ့ပါးပါးပဲ နေချင်တာ၊ တိုက်ပုံကို မကြိုက်ဘူး လို့ ပြန်ဖြေတော့ ဆရာမြသန်းတင့်က ကျွန်တော်လည်း ပေါ့ပေါ့ပါးပါးပဲ ကြိုက်ပါတယ်၊ ဒါပေမဲ့ လူတွေက တိုက်ပုံနဲ့မှ သင့်တော်တယ်လို့ မြင်ကြတာကိုး တဲ့။
ကျွန်တော်က အဲ့ဒီလို မမြင်ဘူး ဆရာရဲ့။ သူတို့အမြင်နဲ့ ခင်ဗျားအမြင်တော့ မတူဘူးပေါ့ဗျာ၊ ဒါပေမဲ့ အများအမြင်ကို လေးစားသောအားဖြင့် ၀တ်ရတာပေါ့ လို့ ဆိုတယ်။
ဒီလိုဆိုတော့ ဆရာမြသန်းတင့်ရဲ့ တိုက်ပုံက ရိုးရိုးတိုက်ပုံတစ်ထည် မဟုတ်တော့ပါဘူး။ ကိုယ်နဲ့ မတူ ကွဲပြားနေတဲ့ သူတစ်ပါးရဲ့ အမြင်၊ သူတစ်ပါးရဲ့ ယုံကြည်မှု၊ သူတစ်ပါးရဲ့ ခံယူချက်ကို လေးစားကြောင်း ပြသနေတဲ့ သင်္ကေတတစ်ခု ဖြစ်သွားပါတယ်။

ကျွန်တော်တို့တွေ ကိုယ့်အမျိုး ကိုယ့်ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်နိုင်ဖို့၊ အဲ့ဒါနဲ့ တစ်ပြိုင်နက်တည်းမှာပဲ လူမျိုးစုံ၊ ဘာသာစုံ၊ ယဉ်ကျေးမှုစုံတဲ့ နိုင်ငံကြီးမှာ အားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ဖို့အတွက် ကျွန်တော်တို့ကိုယ့်ကိုကိုယ် ပြင်ကြရပါမယ်။ ဗုဒ္ဒဘာသာဝင်ကောင်းတစ်ယောက် ဖြစ်လာအောင် ကျွန်တော်တို့တစ်ယောက်ချင်းစီ ကြိုးစားကြရပါမယ်။ ဗုဒ္ဒ၀ါဒရဲ့ တကယ့်အနှစ်သာရကို နောင်လာနောက်သားတွေ သိရှိအောင် ဆောင်ရွက်ကြရပါမယ်။

နောက်ပြီး ဆရာမြသန်းတင့်လိုပဲ တိုက်ပုံဝတ်ကြရပါမယ်။

(ရေးသားသူ - Phio Thiha)။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D